ရှန်ဟိုင်းရထားဘူတာရုံမှာပဲ မနက်စာစားခဲ့ကာ တက္ကစီတစ်စီးကိုစီးခဲ့ရင်း သွားလိုသည့်နေရာရောက်သည့်အခါ ရှောင်းကျန့်က ကားခုံ၏ နောက်ကျောကိုမှီ၍ မျက်လုံးများကိုမှိတ်ထားသည့်ဝမ်ရိပေါ်ကိုလက်မောင်းကနေကိုင်လှုပ်ခေါ်လိုက်သည်။
"ကိုယ့်ရဲ့ခွေးပေါက်လေးက အိပ်ရေးမဝဘူးလား..."
မနက်စာစားချိန်ကတည်းက အခုထက်ထိဝမ်ရိပေါ်မျက်နှာသုန်မှုန်နေတာကိုသတိထားမိတာကြောင့်ရှောင်းကျန့်မေးလိုက်ခြင်းဖြစ်သည်။ ဝမ်ရိပေါ်ကရှောင်းကျန့် ကို မျက်လုံးစိမ်းများဖြင့်တစ်ချက်ကြည့်လိုက်ပြီးမှ ဘာမှမဖြစ်သလိုခေါင်းခါပြလိုက်သည်။
နှစ်ယောက်သား တက္ကစီပေါ်ကဆင်းလာပြီးနောက် ဝမ်ရိပေါ်သူရောက်နေသည့် နေရာကိုကြည့်လိုက်တော့အလွန်တရာမှကြီးမားသည့်အိမ်ဝန်းကြီးတစ်ခု၏ ဂိတ် ရှေ့တွင်ဖြစ်သည်။ဝမ်ရိပေါ်စူးစမ်းနေတာကိုရှောင်းကျန့် ရိပ်စားမိတာကြောင့်...
"ဒါ ကိုယ့်ယဲယဲ ရဲ့အိမ်...ယဲယဲဆုံးသွားပြီးကတည်းက အိမ်ထိန်းအလုပ်သမားတွေက လွဲလို့ဘယ်သူမှလာမနေကြတော့ဘူး...အဲ့တော့ ကိုယ်တို့နှစ်ယောက်ကိုနှောင့်ယှက်မယ့် လူတွေလည်းမရှိဘူး..."
ရှောင်းကျန့်ပြောရင်းနှင့်ဝမ်ရိပေါ်၏လက်ကိုကိုင်ဆွဲလိုက်ကာ အိမ်ဝန်းကြီး၏ဂိတ်မှတံခါး ဘဲလ်ကိုတီးလိုက်သည်။ အထဲမှပြန်ဖြေသည့်အသံတစ်ခုနှင့်အတူတအောင့်ကြာတော့ ခြံစောင့်သဘောမျိုးအလုပ်သမားတစ်ဦးထွက်လာ၍တံခါးဖွင့်ပေးသည်။လက်တွဲထားသည့်ဝမ်ရိပေါ်နှင့်ရှောင်းကျန့်ကို အကဲခတ်သလိုကြည့်နေသည့် အလုပ်သမားကို ရှောင်းကျန့်က...
"မင်းအပါအဝင် အထဲမှာရှိနေတဲ့ အလုပ်သမားတွေကို အကုန်ခေါ်ထုတ်သွား...ဒီအိမ်နားကိုတစ်ပတ်တိတိဘယ်သူမှ မလာကြနဲ့...ပြီးတော့ ငါရောက်နေကြောင်းဘယ်သူမေးမေးပြန်မပြောနဲ့...မဟုတ်ရင်တော့ ယဲယဲရဲ့အုတ်ဂူဘေးမှာရှိတဲ့ နေရာလွတ်တွေကို အခုကတည်းက ကြည့်သွားကြ..."
ရှောင်းကျန့်၏စကားကို နားလည်သဘောပေါက်သည့်အလုပ်သမားက ချက်ချင်းပင်ခပ်သုတ်သုတ်ဖြင့်အထဲမှ အလုပ်သမားတွေအားလုံးကိုအကြောင်းကြားဖို့ ပြေးသွားသည်။ ရှောင်းကျန့်ကတော့ဝမ်ရိပေါ်၏လက်ကိုဆုပ်ကိုင်လျက်အေးဆေးသာလျှောက်လာသည်။