နှစ်ဖက်မိဘများ၏ ကြည်ဖြူမှုကိုရရှိခဲ့ပြီးဖြစ်သော်လည်း ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့ နှစ်ဦးသား မည်သည့် အိမ်ဘက်မှာမှသွားမနေဘဲလက်ရှိ ကွန်ဒိုမှာပဲဆက်နေကြသည်။မင်္ဂလာဦးအတွက်ဝမ်လုပ်ငန်းစုဘက်မှလက် ဖွဲ့ပေးထားသည့် သုံးထပ်အိမ်တစ်လုံးကိုပင် အပန်းဖြေအိမ်အဖြစ်သာ သတ်မှတ်လိုက်ကြတာဖြစ်သည်။
ရှောင်းကျန့်သည်လည်း သူ့အဖေ၏လုပ်ငန်းစုအောက်မှာပဲ အလုပ်ဆက်လုပ်နေခြင်းဖြစ်ကာ ဝမ်ရိပေါ်၏တရားဝင်အုပ်ထိန်းသူအဖြစ်တာဝန်ယူသည်။အုပ် ထိန်းသူဖြစ်သည့်အလျောက် ဒီနေ့၌ဝမ်ရိပေါ်၏ ကျောင်းကိစ္စများကို ကိုယ်တိုင်လိုက်လံအပ်ပေးဖို့ အလုပ်တစ်ရက်နားလိုက်ခြင်းဖြစ်သည်။
နှစ်ဦးသား စီးလာသည့်ကားလေးသည် တက္ကသိုလ်ရှေ့သို့ ဆိုက်ရောက်လာ၏။ကားမောင်းသူနေရာမှာရှိနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်ကိုယ်တိုင်ကိုယ်ကျ ခါးပတ်ဖြုတ်ပေးလိုက်ပြီး အနမ်းတစ်ချက်ပါပေးလိုက် ၏။ရှောင်းကျန့်ဘက်ကပြန်ပေးဖို့လုပ်သည့်အခါတွင်တော့ ဝမ်ရိပေါ်က စနောက်လိုသည့်သဘောဖြင့်ကားပေါ်ကနေဆင်းပြေးသည်။
ဝမ်ရိပေါ်၏အပြုအမူကြောင့် ရှောင်းကျန့်ခေါင်းတညိတ်ညိတ်လုပ်သည်။ သူကိုယ်တိုင်လည်း ကားပေါ်မှဆင်းလာပြီး ဝမ်ရိပေါ်၏လက်ကိုဆောင့်ဆွဲလိုက်ကာ ခန္ဓာကိုယ်ကို ကားကိုယ်ထည်ဖြင့်ကပ်လိုက်၍ နှုတ်ခမ်းချင်းထိစပ်တော့မည့်ဟန်လုပ်လိုက်၏။မထိတထိဖြစ်နေသည့်အနေအထားမှာ ဝမ်ရိပေါ်ကထိထိမိမိဖြစ်အောင် မျက်နှာကို အရှေ့တိုးလိုက်တော့ ရှောင်းကျန့်က ခေါင်းကိုအနောက်ဆုတ်ပြီးရှောင်လိုက်သည်။
"လုပ်ပါ ရှောင်းကျန့်..."
"ဘာလုပ်ရမှာလဲ..."
"အိမ်ပြန်ရောက်မှတွေ့မယ်..."
"မကြောက်တာ..."
"အင်းပါ လုပ်ထား..."
အားမလိုအားမရဖြစ်သွားသည့် ဝမ်ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်ရယ်လိုက်သည်။ "လက်စားချေတာ" လို့လည်း ပြောလိုက်သေး၏။ဝမ်ရိပေါ်အသည်းယားစွာဖြင့် ရှောင်းကျန့်လက်ဖျံကိုဖွဖွလေးကိုက်လိုက်သည့်အခါမှာတော့ နှစ်ယောက်သားရယ်ရယ်မောမောဖြင့်ကျောင်းဝန်းထဲသို့လျှောက်လာခဲ့ကြသည်။