ရှောင်းကျန့် စာမေးပွဲလာဖြေသည်။
ဟုတ်သည်။ အမြင်မမှား။
ရှောင်းကျန့်စာမေးပွဲလာဖြေသည်။
ရှေ့ဆုံးခုံမှာထိုင်နေသည့်ရှောင်းကျန့်ကနဂိုပုံသာဖြစ်သည်။ရှပ်လက်တိုအနက်ကိုအင်္ကျီလက်တွေလိပ်တင်ပြီး ဂျင်းဘောင်းဘီနက်ပြာရောင်နဲ့တွဲဖက်ဝတ်ထားသည်။ ခေါင်းကမီးခိုးရောင်ဆံပင်တွေကလည်းအရင်တိုင်း။
ခန္ဓာကိုယ်ကိုလျော့တိလျော့ရဲလုပ်ကာ ထိုင်ခုံကိုကျောမီပြီး စားပွဲကိုသာစိုက်ကြည့်နေသည့်ရှောင်းကျန့်ကသူရပ်ကြည့်နေသည်ကိုသတိထားမိဟန်မရှိ။စာမေးပွဲတကယ်လာဖြေတာလားဘာလားဆိုတာတော့မသေချာပေမယ့် ဒီတိုင်းထိုင်ချင်ရုံသပ်သပ်နဲ့တော့စာမေးပွဲခန်းထဲရောက်လာမည်မထင်။
စာမေးပွဲခန်းထဲကျောင်းသားများအလျှိုလျှိုဝင်လာပြီးသတ်မှတ်ထားသည့်ထိုင်ခုံများတွင်နေရာယူနေကြပြီဖြစ်သည့်တိုင်လက်ရှိနေရာကနေသူမရွေ့နိုင်သေး။ သူ့မျက်လုံးတွေက စာမေးပွဲခန်း၏ရှေ့ဆုံးခုံမှာထိုင်နေသည့်ရှောင်းကျန့်ဆီမှာသာမြဲမြံနေသည်။
"ဝင်မှာလား မဝင်ဘူးလား အပေါက်ဝမှာဘာရပ်လုပ်နေတာလဲ..."
စာမေးပွဲခန်းမအဝင်ပေါက်မှာပိတ်ကာမတ်တပ်ရပ်နေသည့် သူ့ကိုကျောင်းသားများအမြင်မကြည်ဖြစ်လာရသည်။အနောက်ဘက်မှတွန်းတိုက်မှုများကြောင့်ဖယ်စရာပင်မလို အလိုလိုဘေးသို့ရောက်သွား၏။
စာမေးပွဲခန်းမအဝင်ဝက ရုတ်ရုတ်သဲသဲအသံများကြောင့်ရှောင်းကျန့်က မျက်လုံးကိုပင့်၍ကြည့်လာသည်။ရှောင်းကျန့်၏မျက်ဝန်းများနှင့်ဆုံသွားသည့်အခိုက်သူ့နှုတ်ခမ်းတို့ကခိုင်းစေခြင်းမခံရပါဘဲအလိုအလျောက်ပြုံးပြဖို့လုပ်လိုက်ပေမယ့် အကြည့်လွှဲသွားသည့် ရှောင်းကျန့်ကြောင့်အပြုံးများလမ်းတစ်ဝက်မှာရပ်တန့်သွားရသည်။
ဒီလိုစိမ်းကားပြမှရမှာလား။ သူနဲ့ရှောင်းကျန့်က ရန်သူတွေမှမဟုတ်တာ။ ရန်သူတွေတောင်လမ်းမှာထိပ်တိုက်တွေ့ရင် မာန်ချင်းပြိုင် အကြည့်ချင်းဆိုင်ကြသေးသည်။ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြမည့်ပြိုင်ဘက်များသည်လည်းမယှဉ်ပြိုင်ခင် လက်ချင်းဆွဲ နဖူးချင်းတိုက်နှုတ်ဆက်ကြသေးသည်။