စာပေးပွဲနောက်ဆုံးနေ့ တစ်နည်းအားဖြင့် တက္ကသိုလ်ပထမနှစ် နောက်ဆုံးနေ့။
မေးခွန်းလွှာလက်ထဲစရောက်လာကတည်းက ဝမ်ရိပေါ် ဘယ်ကိုမှမကြည့်ဘဲ အဖြေလွှာထဲမှာ A,B,C,D စတင်ရွေးချယ်နေပြီဖြစ်သည်။အောင်မှတ်တစ်ခုထိအပိုင်ဖြေပြီးသည့်နောက်ကျန်သည့်အရာများကိုမေးခွန်းပင်မဖတ်တော့ဘဲ စိတ်ထင်ရာရွေးချယ်ခဲ့သည်။
မေးခွန်းအားလုံးဖြေဆိုပြီးသွားသည့်အချိန်၌ စာမေးပွဲခန်းမ မျက်နှာစာ နံရံ၌ကပ်ထားသည့်နာရီကိုမော့ကြည့်လိုက်တော့ သူသုံးစွဲခဲ့သည့်အချိန်ကစုစုပေါင်း ၁၉ မိနစ်။
လက်တစ်ဖက်ကိုမြောက်လိုက်သည့်အခါအခန်းစောင့်ဆရာရောက်လာတာကြောင့်လက်ထဲကအဖြေလွှာကိုအပ်လိုက်သည်။စာရေးကိရိယာများအားလုံးကိုလည်းဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ကာ စာမေးပွဲခန်းထဲမှထွက်လိုက်သည်။အပြင်သို့ရောက်သည့်နောက် အဝင်ပေါက်တံခါးနှင့်တန်းနေသည့်နေရာကိုမျက်နှာမူ၏။
ဝမ်ရိပေါ်မျက်နှာမူထားသည့်နေရာတည့်တည့်မှာ ရှောင်းကျန့်၏ထိုင်ခုံရှိသည်။ဝမ်ရိပေါ်ကနံရံကိုကျောမှီ၍ရှောင်းကျန့်မျက်နှာကိုစိုက်ကြည့်လိုက်ပြီး နောက်ထပ်တစ်မိနစ်ဆိုသည့်အချိန်ကိုစောင့်နေသည်။စာမေးပွဲရက်တိုင်း မိနစ် ၂၀ သာထိုင်ပြီးထွက်သွားသည့်ရှောင်းကျန့်နောက်ကိုအမှီလိုက်နိုင်ဖို့ရှောင်းကျန့်ထက်တစ်မိနစ်စောကာဝမ်ရိပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
အချိန်ကတစ်မိနစ်ထပ်မကတော့။
ဝမ်ရိပေါ်ရပ်စောင့်နေသည်မှာ မိနစ် ၂၀ ခန့်ရှိပြီဖြစ်သည်။မတ်တပ်ရပ်နေရသည့်ခြေထောက်များပင် တောင့်လာတာကြောင့် တစ်ချက်နှစ်ချက်လှုပ်လိုက်ရသည်။ရှောင်းကျန့်အခုထိထွက်မလာသေး။
ဖြေဆိုချိန်တစ်နာရီလောက် ရောက်နေပြီဖြစ်သည့်အခါတွင်တော့ ရှောင်းကျန့်က လက်တစ်ဖက်မြောက်ပြီးအခန်းစောင့်ဆရာကို ခေါ်လိုက်တာကိုဝမ်ရိပေါ်တွေ့သည်။
ထို့ကြောင့်နံရံကိုမှီထားသည့်ကျောကိုပြန်မတ်လိုက်ကာအသင့်အနေအထားနေလိုက်ပြီးမှရှောင်းကျန့်လုပ်လိုက်သည့်အပြုအမူကြောင့်မျက်လုံးများကို စုံမှိတ်ချလိုက်မိပြီးပင့်သက်ရှည်ရှိုက်လိုက်မိသည်။လက်သီးနှစ်ဖက်ကိုတင်းနေအောင်ဆုပ်ထားပြီး စိတ်ထဲတနုံ့နုံ့ဖြစ်နေမှုကိုလည်းထိန်းချုပ်လို့နေရ၏။