မနက်စာစားဖို့ စားသောက်ခန်းဆီသို့ဦးတည်လို့လာသည့် ရှောင်းရမ်နှင့်ဂျီနာက စားသောက်ခန်းထဲမှ ရိုရိုကျိုးကျိုးနဲ့ထွက်လာသည့် အလုပ်သမားလေးနှစ်ယောက် ကိုတွေ့သည်။
"အစ်ကိုလေး ရောက်နေတယ်..."
ရှန်ဟိုင်းကပြန်ရောက်ပြီးသည့်နောက် နေ့တိုင်းအလုပ်ကိုပုံမှန်သွားနေမှန်းသိသော်လည်း အိမ်ကိုတစ်ခါ မှရောက်မလာသည့်သားဖြစ်သူကတစ်ပတ်ကြာမှမနက်စာစားဖို့ရောက်လာသည်ဆိုတာသိလိုက်ရတာကြောင့်ရှောင်းရမ်၏ခြေလှမ်းများပုံမှန်ထက်သွက်လို့သွားသည်။
သို့သော်စားသောက်ခန်းထဲသို့ခြေမချခင်အနံ့အာရုံထဲတိုးဝင်လို့လာသည်က မနက်ခင်းပြယုဂ်နှင့်မကိုက်ညီစွာစူးရှနေသည့် စီးကရက်အနံ့များပင်ဖြစ်သည်။
ခန်းလုံးပြည့်မွှန်လို့နေသည့်စီးကရက်အငွေ့များကို ရှောင်းရမ် လက်နဲ့ခါရမ်းဖယ်ထုတ်လိုက်ချင်သော်ငြားဘာမှမဖြစ်သည့်ပုံဖြင့် ထမင်းစားပွဲ၏ထိပ်ဆုံးခုံတွင်ပုံမပျက်နေရာဝင်ယူလိုက်သည်။ရှောင်းရမ်၏မျက်လုံးတို့ကရှောင်းကျန့်၏ အသွင်အပြင်ကိုအကြည့်ရောက်သွား၏။
မနက်စာစားပြီးသည်နှင့်အလုပ်တန်းသွားမည့်ဟန်ပြင်ဆင်လာသည့်ရှောင်းကျန့်ကဝတ်စုံပြည့်ဖြစ်လို့နေပြီး လက်ထဲစီးကရက်ကိုင်ထားသည့်ပုံရိပ်ကလွဲလို့တစ်ကိုယ်လုံးကအပြစ်ပြောစရာမရှိရှင်းသန့်လို့နေတာဖြစ်သည်။ ကော့ညွတ်နေအောင်ဖီးထားသည့်ဆံပင်တို့ကသပ်ရပ်ကျော့ရှင်းနေသော်လည်း အနက်ရောင်မဟုတ်သည့် မီးခိုးရောင်များကနေရာယူထားတာဖြစ်သည်။
ရှောင်းရမ်အသံတိတ်သက်ပြင်းချလိုက်သည်။ရှောင်းကျန့်၏ဆံပင်အရောင်ပြန် ပြောင်းသွားခြင်းက ရှောင်းရမ်၏စိတ်ထဲမသက်မသာဖြစ်စေတာကြောင့် ဂျီနာကိုလှမ်းကြည့်လိုက်သော်လည်း လျစ်လျူရှုခြင်းခံလိုက်ရသည်။
ဂျီနာ့အနေနဲ့ဒါပထမဦးဆုံးရှောင်းရမ်ကိုလျစ်လျူရှုလိုက်ခြင်းမဟုတ်။ရှန်ဟိုင်းကပြန်ရောက်လာကတည်းက လင်မယားနှစ်ယောက်အိပ်ရာတစ်ခုတည်းအတူတူအိပ်နေဆဲဖြစ်သော်လည်း မျက်နှာချင်းကောင်းကောင်းမဆိုင်ဖြစ်တော့တာဒီနေ့ထိဖြစ်၏။