မိသားစုအမျိုးအဆွေများစုံလင်စွာဖြင့်ကျင်းပခဲ့သည့်ဝမ်ရိပေါ်၏မွေးနေ့ပွဲက ည ၇ နာရီလောက်တွင်အဆုံးသတ်သွား၏။ နှစ်စဉ်ဒီလူတွေနဲ့ပဲဒီပုံစံအတိုင်းကျင်းပပျော်ရွှင်ခဲ့ပေမယ့်ဒီနှစ်မှာတော့တစ်ခုခုလိုနေသလိုဟာတာတာဖြစ်နေသည်။
မွေးနေ့မှာကိုယ်သဘောကျနေတဲ့သူကိုပါအတူတူရှိစေချင်သည့်စိတ်။
တစ်နေကုန်ပင်ပန်းထားတာကြောင့်ဝမ်ရိပေါ် သူဝတ်ဆင်ထားသည့်အနောက်တိုင်းဝတ်စုံကိုအလုံးစုံလဲလှယ်နိုင်ခြင်းမရှိသေးဘဲ အပေါ်ကကုတ်အင်္ကျီပဲချွတ်လိုက်ကာ အိပ်ရာပေါ်တွင်လှဲချလိုက်သည်။ပင်ပန်းစိတ် ဆိုတာထက်သတိရတဲ့စိတ်ကပို၍ကြီးစိုးနေတာဖြစ်၏။
ဖုန်းကိုထုတ်လိုက်တော့အလွမ်းပြေကြည့်ဖို့ဖုန်းထဲမှာရှောင်းကျန့်ရဲ့ဓာတ်ပုံတစ်ခုတောင်မရှိသည့်အပြင် ရှောင်းကျန့်က social media တစ်ခုမှသုံးပုံလည်းမရသည့်အတွက်ကြောင့် မှတ်ဉာဏ်ထဲကပုံရိပ်တို့ကိုပဲပြန်ပုံဖော်ကာသတိရနေရသည်။
"တူ...တူ...တူ..."
ဖုန်းကိုစိုက်ကြည့်နေရင်း ဖုန်းမျက်နှာပြင်ပေါ်မှာပေါ် လာသည့် နာမည်ကြောင့်ဝမ်ရိပေါ်ချက်ချင်းပင်ငုတ်တုတ်ထထိုင်လိုက်သည်။ သူ့အမြင်တွေမမှားဘူးဆိုရင် ရှောင်းကျန့်ဘက်ကသူ့ကိုဖုန်းခေါ်နေတာ။သူနဲ့စိတ် များဆက်နေလို့လား။
ဝမ်ရိပေါ် ဆယ်စက္ကန့်လောက်ကြောင်ကြည့်နေပြီးမှတစ်ဖက်မှဖုန်းပြန်မချသွားခင် ချက်ချင်းပြန်ဖြေလိုက်သည်။
"ဟယ်လို ရှောင်းကျန့်..."
"ဟယ်လို xxxx မြို့နယ် ရဲစခန်းကပါ ဒီဖုန်းပိုင်ရှင်က...&@€£>%..."
သုံးထပ်အိမ်ဆောင်ကြီး၏အပေါ်ဆုံးထပ်မှ ပြေးဆင်းလာသည့် ဝမ်ရိပေါ်ကိုအောက်ဆုံးထပ်မှာရှိနေသည့်မိဘနှစ်ပါးကစိုးရိမ်တကြီးဖြင့်အကျိုးအကြောင်းလှမ်းမေးသည့်အခါ...
"ကျွန်တော့်ရဲ့အခန်းဖော်သူငယ်ချင်းတစ်ယောက်ဒုက္ခရောက်နေလို့ ကျွန်တော်သွားကြည့်ရမယ် နောက်နှစ်ရက်ထပ်မနေပေးနိုင်တာတောင်းပန်ပါတယ် ပါးနဲ့မား..."