"ရှောင်းကျန့် ဖုန်းပါလာတယ်မလား..."
အခန်းထဲကနေထွက်မလာခင် သူသတိလှမ်းပေးလိုက်တော့ ရှောင်းကျန့်ကဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုသူမြင်အောင်ထုတ်ပြသည်။
အခုတလော ကျောင်းလာရတာဓာတ်ကျနေသည့်ရှောင်းကျန့်က ဒီတစ်ပတ်လုံးသူနဲ့ကျောင်းလိုက်လာသည်။အရှေ့ရက်တွေတုန်းကစာသင်ချိန်တွေဆိုကျောင်းဝန်းတစ်နေရာမှာသွားနေတတ်ပေမယ့်ဒီနေ့တော့ Lecture ခန်းထဲထိလိုက်လာပြီးသူနဲ့အတူတူထိုင်သည်။
သူနဲ့ထိုင်နေကျချန်လင်းကတော့ တော်တော်ဝေးတဲ့ရှေ့ဆုံးတန်းမှာရောက်လို့နေ၏။ရှောင်းကျန့်သူနဲ့ကျောင်းလိုက်လာတဲ့နေ့ကတည်းကစပြီးချန်လင်းကသူနဲ့ဝေးသထက်ဝေးသည့်နေရာမှာပဲနေတော့တာဖြစ်၏။ အဲ့တာလည်းတစ်မျိုးကောင်းသည်။မဟုတ်ရင်ရှောင်းကျန့်နှင့်သူ့ကြားထဲမှာအနှောင့်အယှက်တစ်ခုလိုဖြစ်နေလိမ့်မည်။
"ရှောင်းကျန့် ဘောပင်ယူမလား..."
အရှေ့က ဆရာမ သင်ကြားပို့ချနေသည့်အကြောင်းအရာများကို ရှောင်းကျန့်လိုက်မှတ်သားမှာမဟုတ်ပေမယ့် လိုရမယ်ရ မေးလိုက်တော့ရှောင်းကျန့်ကခေါင်းညိတ်ပြသည်။ထို့ကြောင့် သူ့ဘောပင်တွေထဲကမှအထူးခြားဆုံးဖြစ်သည့်ရွှေကနုတ်တွေနဲ့ဘောပင်လေးကိုရှောင်းကျန့်လက်ထဲကိုထည့်ပေးလိုက်သည်။သူ့အမေပေးထားတာကြောင့်သူတောင်မသုံးရက်ဘဲအလှကြည့်ရုံသပ်သပ် ထားထားပေမယ့်ရှောင်းကျန့်ကိုတော့ပေးသုံးနိုင်သည်။
ရှောင်းကျန့်နဲ့ပတ်သတ်ပြီး နောက်ထပ်သဘောကျရတဲ့အချက်တွေထဲမှာ အခုတစ်ချက်လည်းပါဝင်သည်။ဟိုတစ်ခါဒီဘောပင်ကို ချန်လင်း ဖြတ်ကနဲတွေ့ဖူးတုန်းက ရွှေကနုတ်တွေကအစစ်လားလို့တန်းမေးပြီး တကယ်စစ်မစစ်ကိုက်ကြည့်ဖို့တောင်လုပ်ခဲ့တာဖြစ်သည်။အခုရှောင်းကျန့်ကတော့ ဘာနဲ့လုပ်ထားတဲ့ဘောပင်လဲဆိုတာစိတ်မဝင်စားသည့်အပြင်လက်ထဲမှာပဲလှည့်၍ ဆော့နေသည်။
"ခွေးပေါက်လေး...ဒီအတန်းက ဘယ်တော့ပြီးမှာလဲ..."
"နောက်နာရီဝက်မှ ပြီးမှာ ရှောင်းကျန့်ပျင်းနေရင်ကျောင်းဝန်းထဲလျှောက်သွားနေမလား..."