ပွင့်ဟလို့နေသည့် အိမ်မကြီးတံခါးမှတစ်ဆင့် အိမ်ထဲသို့ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့လျှောက်လာခဲ့ကြသည်။ဧည့်ခန်းသို့ရောက်လာသည်နှင့်နှစ်ဦးသားဆီသို့စုပြုံကျရောက်လာသည့်အရာများက မျက်ဝန်းလေးစုံ၏အကြည့်များဖြစ်၏။
နှစ်ဖက်မိဘများစုဆုံနေသည့်မြင်ကွင်းနှင့်အတူအယောက်သုံးဆယ်ခန့်ရှိသည့် လူအင်အားတစ်စုမတ်တပ်နေကြသည့်မြင်ကွင်းကြောင့်ရှောင်းကျန့်၏ရင်ထဲဘာမှန်းမသိသည့်ခံစားချက်တစ်မျိုးဝင်လို့သွားသော်လည်း ဝမ်ရိပေါ်၏လက်ကိုအလွှတ်မပေးဘဲကျစ်နေအောင်ဆက်၍ဆုပ်ကိုင်ထားသည်။
ထိုအချိန်၌ ဧည့်ခန်းအလယ်ရှိဆိုဖာခုံမှထလာသည့်ဝမ်မင်ရီက တွဲထားသည့်လက်တွေကိုမမြင်ချင်ယောင်ဆောင်ကာ ဝမ်ရိပေါ်ကိုကြည့်၍...
"အိမ်ပြန်ရအောင် ရိပေါ်..."
ဝမ်မင်ရီ၏စကားကြောင့် ရှောင်းကျန့်၏ခြေထောက် များက ရှေ့သို့တစ်လှမ်းတိုးသွားကာ ဝမ်ရိပေါ်ကိုမသိမသာကာလိုက်သည်။ဝမ်ရိပေါ်ကရှောင်းကျန့်၏ အရှေ့မှနေပေးဖို့လုပ်လိုက်သော်လည်း ရှောင်းကျန့်ကအရှေ့သို့အတက်မခံဘဲ သူ့နောက်ကျောဘက်မှာပဲနေစေသည်။
နှစ်ဦးသားရှိရာသို့ တဖြည်းဖြည်းဝိုင်းလို့လာသည့် အ ယောက်သုံးဆယ်ခန့်သောလူများကြောင့် ရှောင်းကျန့် သူ့အဖေဖြစ်သူရှောင်းရမ်ရှိရာဘက်သို့လှမ်းကြည့်လိုက်သည်။သို့သော် ရှောင်းရမ်၏မျက်ဝန်းများကသူ့အကြည့်တွေကိုရှောင်လိုက်သည့်အခါရှောင်းကျန့်၏မျက်ခုံးများတွန့်ချိုးသွားသည်။
ဝမ်မင်ရီကအရှေ့သို့ပိုတိုးလာကာ ရှောင်းကျန့်ရှေ့ရပ်၍...
"စီးပွားဖက်ချင်း လူကြီးလူကောင်းတစ်ယောက်ပီသစွာနဲ့ ကျွန်တော် ကောင်းကောင်းမွန်မွန်မေတ္တာရပ်ခံချင်ပါတယ်..."
"....."
"ရိပေါ်ရဲ့လက်ကို Sean ဘက်က အသာတကြည်နဲ့လွှတ်ပေးပါ..."
ဝမ်မင်ရီ၏စကားကို ရှောင်းကျန့်နားလည်ဖို့ ကြိုးစားနေတုန်း ဝမ်ရိပေါ်၏မာဆတ်ဆတ်အသံကထွက်ပေါ် လာသည်။