အခန်း {၇}
စားပွဲဝိုင်းမှာ ထိုင်ပြီး အအေးသောက်ကာ တစ်ဖက်ဝိုင်းကို နားစွင့်နေတုန်း နှာခေါင်းထဲက နှာရည်စီးကျလာသည်။ မိုးခဏလေးမိတာကို နှာစေးပြီး ထင်ပါရဲ့။ နန်းကလည်း ဘာတွေ ပြောနေမှန်း မသိ။ အခုထိ စားပွဲဝိုင်းက တစ်ဖဝါးမှ မခွာသေး။
"အစ်ကို အဆင်ပြေရဲ့လား..."
"ပြေတယ် ညီလေး"တစ်ရှူးဘူး လာလဲပေးသည့် ကောင်လေးကို ရဲရင့်ညီ ခေါင်းတစ်ချက် ညိမ့်ပြလိုက်သည်။
"ဪ ညီလေး၊ အစ်ကို ဟိုသုံးယောက်ဝိုင်းကို ရှင်းပေးခဲ့မယ်၊ တစ်ချက်လောက် တွက်ကြည့်ပေးပါလား..."
"ဟုတ် အစ်ကို ခဏလေး စောင့်နော်"မကြာပါ။ ထိုကောင်လေးသည် ငွေဖြတ်ပိုင်း စာရွက်လေးနှင့်အတူ သူ့ရှေ့ ပြန်ရောက်လာသည်။ သူလည်း တစ်ချက်ယူကြည့်လိုက်ပြီး ဖြတ်ပိုင်းထဲမှာ ပါသည့်အတိုင်း ရှင်းပေးလိုက်ကာ ဤသို့ဆိုလိုက်သည်။
"ရွှေဝါရောင် ဂါဝန်လေးနဲ့ ကောင်မလေးကို အမှာစကားပြောပေးလို့ ရမလား... "
"ဟုတ် ရပါတယ် အစ်ကို"
"ဆိုင်ကယ်ဦးထုပ်ကို မနက်ဖြန် ရှစ်နာရီ ဒီဆိုင်မှာပဲ ပြန်ပေးပါလို့"
"နာမည်ကရော "
"လူတစ်ယောက်လို့ပဲ ပြောလိုက်ပါ ညီလေး"
"ဟုတ်ကဲ့ အစ်ကို"
"ကျေးဇူးတင်ပါတယ် ညီလေး"သူ ထိုသို့ပြောပြီး အိမ်သို့ ပြန်လာခဲ့သည်။ မပြန်လို့လည်း မဖြစ်ပေ။ အစ်ကိုကြီး ရနံ့ သူ့ကို ဒေါသထွက်နေမှာ သေချာသည်။
သူ ခြံထဲဝင်လိုက်သည်ဆို သဇင်ထက်၏ ကားအား တွေ့လိုက်ရသည်။ကျစ်...
သူ ဆုပ်တစ်ချက်သပ်လိုက်သည်။ အရှုပ်ထုပ်မ ဘာလာလုပ်ပြန်ပြီလည်း မသိ။ ယောက်ျားလေးတွေ နေတဲ့အိမ်ကို ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်နေတာ ဘယ်လို မိန်းကလေးမှန်း မသိပါ။ သူ့ညီမလေးသာဆို ခေါင်းတွေသာ လှိမ့်ခေါက်ပစ်လိုက်မည်။
"ဖယ်စမ်းပါ"အိမ်ထဲဝင်သည်ဆို သူ့ လက်ကို အတင်းလာဖက်သည့် သဇင်ထက် လက်တွေကို သူ ဖယ်ချလိုက်သည်။