အခန်း {၈}
ချက်...ချက်...
တိုင်ကပ်နာရီ ည၈နာရီ ၅မိနစ်မှ ၆မိနစ်ဆီသို့ ရွေ့လျားနေသော နာရီလက်တံ အသံသည် တစ်ချက်ချက်နှင့် အချိန်မှန် လည်ပတ်နေသည်။
ရဲရင့်ညီ တစ်ယောက် နန်းရွှေရည်နှင့် တွေ့ချင်စိတ်က များနေသည်မို့ ည၈နာရီအစား မနက် ရှစ်နာရီသာ ဖြစ်စေချင်နေတော့သည်။ အဲသည့်လောက်ထိ နန်းရွှေရည်ကို သူ ချစ်မိနေတာ။" နာရီဘဲ ထိုင်ကြည့်မနေနဲ့ ထမင်းစားမယ်"
ထမင်းစားခန်းထဲမှ အစ်ကိုကြီး အော်ခေါ်သံကြောင့် ဧည့်ခန်းထဲမှာ နာရီ ထိုင်ကြည့်နေမိသည့်သူ ထမင်းစားခန်းထဲသို့ ပြေးသွားလိုက်သည်။
"အစ်ကိုကြီး ကျွန်တော် မနက်ဖြန် ကောင်မလေးတစ်ေယာက်နဲ့ သွားတွေ့စရာ ရှိတယ်"
ပါးစပ်ထဲ ထမင်းလုတ်သွင်းရင်း မော့ကြည့်လာသည့် အစ်ကိုကြီး ရနံ့၏ မျက်ဝန်းတွေသည် မေးခွန်းများစွာ ပြည့်နှက်နေသည့် ပုံစံပေါ်ပေမယ့် သူ တစ်ချက်ပြုံးပြလိုက်ပြီး ထမင်းပန်းကန်ထဲကို ဟင်းခတ်ထည့်နေလိုက်သည်။
ထမင်းစားပြီးသည့် အချိန်ထိ အစ်ကိုကြီး ရနံ့ဆီက စကားတစ်ခွန်းမှ ထွက်ကျမလာသေးပါ။ သူ အိပ်ခန်းဆီသို့ ဝင်ရန် အခန်းတံခါးဖွင့်လိုက်ချိန်မှသာ ဘယ်ချိန်တုန်းက အနောက်ကေန လိုက်လာမှန်း မသိသည့် အစ်ကိုကြီး ရနံ့ဆီက မေးခွန်း တစ်ခု ထွက်လာသည်။"ဘယ်ကကောင်မလေးလဲ"
"ကျွန်တော် ချောင်းကြည့်ခဲ့တဲ့ နန်းလို့ ခေါ်တဲ့ ကောင်မလေး၊ သူ့နာမည်က နန်းရွှေရည်တဲ့"ရဲရင့်ညီ ပြောရင်း ပြုံးပြကာ အခန်းထဲကို ဝင်၍ တံခါးကို ပိတ်လိုက်သည်။
ရနံ့ကတော့ ခေါင်းတခါခါလုပ်ရင်း သက်ပြင်းချနေမိသည်။ သူ့ညီလေး ရဲရင့်ညီသာ သဇင်ထက် မဟုတ်သည့် တခြားကောင်မလေးနှင့် တွေ့တာ သဇင်ထက်နှင့် သဇင်ထက်၏ မိဘတွေသာ သိသွားလျှင် ဆက်ဖြစ်လာမည် ပြဿနာတွေကို သူ မတွေးဝံ့။ မျက်နှာ မပြဝံ့ဖြစ်လာတော့မည်။ သူ့ညီလေး ရဲရင့်ညီကို သူ မပြောပြရသေးသည့် အရေးကြီး ကိစ္စတစ်ခုရှိသေးသည်။ ဘဝနှင့်တန်းတူ အရေးကြီးသည်။ မပြောမဖြစ် ပြောပြရတော့မည်။
ထို့ကြောင့် သေချာသည့် ဆုံးဖြတ်ချက်က နိုင်ငံခြားက ညီနှစ်ယောက်ကို အမြန်ပြန်လာခိုင်းပြီး စေ့စပ်ပွဲရော လက်ထပ်ပွဲရော အမြန်ဆုံးစီစဉ်မှ။
သူလည်း စဉ်းစား ဆုံးဖြတ်ရင်း ညီလေးရဲရင့် အခန်းရှေ့မှ ထွက်လာခဲ့လိုက်သည်။
နောက်တစ်နေ့မနက် ရောက်တော့ ရဲရင့်ညီသည့် နန်းရွှေရည်နှင့် ချိန်းဆိုထားသည့် နေရာသို့ ကြိုရောက်နှင့်နေပြီ ဖြစ်သည်။ ရှစ်နာရီလို့ သူ ချိန်းလိုက်ပေမယ့် ခုနှစ်နာရီကတည်းက ရောက်နှင့် နေခဲ့တာ ဖြစ်သည်။ သူက တွေ့ချင်စိတ် များနေလို့ ထင်ပါရဲ့ ရှစ်နာရီထိုးဖို့ အတော်လေး စောင့်လိုက်ရသည်။