အခန်း {၁၀}နန်းရွှေရည်သည် ရဲရင့်ညီကို စိတ်ဆိုးကာ ခြံထဲကပြန်ထွက်လာတော့ ခြံဝတွင် နန်း၏ ရည်းစားဟောင်း ကိုဟိန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့လေသည်။ ချိန်းထားရင်တောင် လွဲနေကြဦးမည်။
"နန်း..."
"ကိုဟိန်း..."နန်း နှုတ်က'ကိုဟိန်း'လို့ ထွက်ပြီးမှ ခေါင်းလေးခါလိုက်သည်။ သူမ၏ရည်းစားေဟာင်းနာမည် အပြည့်အစုံက ဟိန်းသူ။ ထို့ကြောင့် သူမ ပြန်ပြင်၍ ခေါ်လိုက်သည်။
"ကိုဟိန်းသူ"
"ကိုဟိန်းသူတဲ့လား...နန်းရယ် စိမ်းကားလိုက်တာ"သူက နန်းကိုစိမ်းကားလိုက်တာတဲ့လေ။ အရင်ဆုံး စိမ်းကားသွားတာ 'မဟုတ်ဘူး'သူမ အပေါ်ကို ရက်စက်သွားတာ ဘယ်သူလဲလို့တောင် မေးလိုက်ချင်သည်။ သို့ပေမယ့် နန်း နှုတ်ခမ်းလေးမဲ့ပြရင်း...
"ကျွန်မက စိမ်းပဲစိမ်းကားသွားတာပါ ကိုဟိန်းသူ၊ ရှင်ကမှ ကျွန်မအပေါ်ကို ရက်စက်သွားတာ၊ ရှင့်အမေက မိန်းမသားဆိုတာကို ရှင်မေ့ပြီး ကျွန်မလို မိန်းမသား တစ်ယောက်ကို ပတ်ဝန်းကျင်က အမျိုးမျိုး လက်ညိုးထိုးပြောအောင် ရှင် တစ်ကိုယ်ကောင်း ဆန်သွားတာ"
"ကိုယ်မှားသွားမှန်း သိပါတယ်။ အဲဒါကြောင့် ကိုယ် နန်းကို ဖုန်းဆက်တောင်းပန်ခဲ့တယ်လေ၊ ခွင့်လွှတ်ပေးပါ။"မှားခဲ့ပြီးမှ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါတဲ့။ သူမ ဘဝ မပျက်ခဲ့ရင်တောင် သူမဂုဏ်သိက္ခာ သူမရဲ့ အရှက်တရား၊ သူမမိသားစုရဲ့ ဂုဏ်သိက္ခာ ပတ်ဝန်းကျင်မှာ ရေစုန်မမျောရုံတမယ် ဖြစ်ခဲ့တာ သူ မသိလေသလား...။
နန်းသည် ဟိန်းသူကို ခေါင်းလေးတဆတ်ဆတ် လုပ်ပြရင်း..."အင်းပေါ့ ခွင့်လွှတ်ပေးရမှာပေါ့၊ ကျွန်မက ရှင့်လို ယောကျာ်းကို မပိုင်ဆိုင်လိုက်ရတာ သိပ့်ကံကောင်းတာဆိုတော့ ခွင့်လွှတ်ပေးနိုင်ပါတယ်"
"ကိုယ့်ကို မခနဲပါနဲ့"
"မခနဲပါဘူး၊ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီ၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့မယ်၊ ဒါပေမဲ့ အခုလို ပြောပြလိုက်ရတော့လဲ ကျွန်မ ရင်ထဲပေါ့သွားတယ်၊ ခွင့်ပြုပါဦး"