အခန်း {၁၃}
"နန်းတဲ့ မေမေ"
သဇင်ထက်တို့ သားမိသားဖသုံးယောက် ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး သဇင်ထက်၏ နှုတ်ကလည်း နန်းဆိုသည့် နာမည် ထွက်လာသည်။ သဇင်ထက် ဖေဖေနှင့် မေမေ၏ နာမည်မှာ ဦးဝေထွန်းနှင့် ဒေါ်ငြိမ်းအိ ဖြစ်သည်။
"မနက်ဖြန် သွားတောင်းကြမယ်ဆိုတာ သေချာလို့လား... သမီးရယ်"
"သေချာပါတယ် ဖေဖေ၊ သမီး မဟုတ်ပဲနဲ့ မပြောပါဘူး"
'ဟင်း...'ဦးဝေထွန်း တစ်ယောက် သမီးစကားကို နားထောင်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သမီးလေးက ရဲရင့်ညီကို အရမ်းချစ်တာ မိဘဖြစ်သည့် သူတို့ ဇနီးမောင်နှံအသိဆုံး။ နောက်ပြီး ရဲရင့်ညီတို့ ညီအစ်ကိုလေးယောက်အပေါ် သူတို့၏ ကျေးဇူးရှိသည် ဆိုရင်တောင်မှ ခန့်မင်းနှင့် ရှိုင်းအောင် သူတို့ကို ပြန်လည် ပြုစု ထောက်ပံ့တာနဲ့ပင် ကျေနေပြီ။ ပြီးတော့ ကျေးဇူးဆိုတာကလည်း သူတို့အမှားကြောင့် ဖြစ်လာရခြင်း။ ဒါတွေကို သမီးလေးကမသိ။ နားဝင်အောင် ပြောပြပြန်တော့လည်း 'ဖေဖေတို့ လူကြီးချင်း သမီးတို့ကို လက်ထပ် ထိမ်းမြှားပေးမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား'ဟု ပြန်လည် ပြောဆိုသဖြင့် သူတို့အလို လိုက်ခဲ့သမျှ အခုချိန်မှာ အခက်တွေ့ရသည်။
"သက်ပြင်းချမနေပါနဲ့ ဖေဖေ၊ ဘယ်လိုစီစဉ်ပေးမှာလဲ၊ သူနဲ့သမီး လက်ထပ်မယ်ဆိုတဲ့ ကိစ္စက လူသိရှင်ကြား ဖြစ်ခဲ့တာနော်၊ သမီးတို့ သိက္ခာအတွက် ဖေဖေစဉ်းစားကြည့်ပါ။ သူတို့မှားလား... သမီးတို့ မှန်လား...ဆိုတာ"
'ဖေဖေတို့က သိက္ခာကျတယ်ဆိုရင်တောင်မှ ပြန်အဖတ်ဆယ်လို့ရတဲ့ သိက္ခာ၊ သူတို့က မိဘနှစ်ပါးကို ဆုံးရခဲ့ရတဲ့ ဆုံးရှုံးမှု၊ သူတို့မိဘကို ဖေဖေတို့ ပြန်မကယ်ပေးနိုင်ဘူး'ဟု ဦးဝေထွန်း ပြောလိုက်ချင်ပေမယ့် ရေငုံနှုတ်ပိတ်နေရင်း...
"သူတို့လည်း မမှားသလို ဖေဖေတို့လည်း မမှန်ဘူး သမီး၊ ဖေဖေတို့ ပိုပြီး မမှန်တာက ရဲရင့်ညီနဲ့ လက်ထပ်ပေးမယ်လို့ ဖေဖေတို့ နှုတ်က တစ်ခါမှ မပြောခဲ့ဖူးဘူး၊ သမီးကသာ သူ့ကို တစ်ဖက်သတ် အချစ်တွေနဲ့ သူမှသူ ဖြစ်နေလို့ ဖေဖေတို့ နှုတ်ပိတ်နေပေးခဲ့တာ၊ ယောကျာ်းတစ်ယောက်ဖြစ်ပြီး သူ့ပန်းပင်တွေကိုပဲ ဂရုစိုက်တတ်တာ လက်ကြောတင်းမဲ့ ပုံစံလည်း မပေါ်ဘူး၊ အဲလို အကောင်နဲ့ ဖေဖေ့သမီးနဲ့လည်း မပေးစားနိုင်ဘူး"