အခန်း {၁၇}
ရနံ့မပါပေမယ့်လည်း ရဲရင့်ညီတို့၏ ထမင်းဝိုင်းလေးက နန်းရွှေရည်၏ မိသားစုကြောင့် စုံလင်နေသည်။ ရနံ့သာ ပါလျှင် သိပ့်ပြီး ပျော်ရွှင်စရာ ကောင်းဦးမည်။ ဒီလိုထမင်းဝိုင်းလေးက ရနံ့တို့ ညီအစ်ကိုလေးယောက် တောင်းတခဲ့ဖူးသည့် ထမင်းဝိုင်လေးဖြစ်သည်။ သူတို့ညီအစ်ကို လေးယောက်အပါအဝင် သူတို့၏ ဖေဖေမေမေသာ ရှိနေခဲ့မည်ဆိုလျှင် နှစ်အိမ်တစ်အိမ်ပေါင်းမှုကြောင့် မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ရှိနေကြမှာ သေချာသည်။
နန်းရွှေရည်၏ မေမေ ဒေါ်သဇင်သည် ထမင်းတစ်လုတ် ပါးစပ်ထဲသွင်းလိုက် ရဲရင့်ညီတို့ ညီအစ်ကိုသုံးယောက်မျက်နှာကို ကြည့်လိုက်နှင့် ဘေးက သူမ၏ ခင်ပွန်းဖြစ်သူ ဦးစိုးခိုင်ကပါ သတိထားမိလာသည်။"မိန်းမ ဘာဖြစ်နေတာလဲ ထမင်းလည်း နင်ေနဦးမယ်"
ဦးစိုးခိုင်၏ စကားကို ဒေါ်သဇင် မျက်ခုံးတွန့်သည်။
"မနင်ပါဘူးတော်၊ ကျွန်မ သူတို့ညီအစ်ကိုသုံးယောက်ကို ပြောစရာရှိလို့ ပြောသင့် မပြောသင့် စဉ်းစားနေတာ၊ ပြောလိုက်ရင် ကျွန်မက သူတို့မိသားစုကိစ္စ ဝင်စွက်ဖက်တယ် ထင်မှာစိုးလို့"
ယောက္ခမလောင်း နှစ်ယောက် နှစ်ကိုယ်ကြား တိုးတီးစွာပြောနေသည်မှာ သူတို့ကို တစ်ခုခု ပြောချင်နေမှန်း ရဲရင့်ညီ ရိပ်မိသည်မို့ ...
"လေးလေးတို့ ကျွန်တော်တို့ကို တစ်ခုခုပြောစရာရှိလို့လား..."
ဟု ဆိုလိုက်တော့ ဦးစိုးခိုင်သည် ခေါင်းညိမ့်ပြရင်း..."မင်းယောက္ခမကြီးက ပြောချင်နေတာကွ၊ ဒါနဲ့ ဦးတို့ကို ဖေဖေမေမေလို့ ခေါ်လို့ရပါတယ်ကွာ"
"ဟုတ်ကဲ့ဖေဖေ"
ရဲရင့်ညီက ထိုသို့ပြန်ပြောတော့ နန်းရွှေရည်၏ မျက်စောင်းသည် ရဲရင့်ညီဆိုသို့ ဒိုင်းခနဲရောက်လာသည်။ ရဲရင့်ညီလည်း သွားဖြီးပြရင်း..."မေမေ ပြောစရာရှိတယ်ဆို ပြောလို့ရပါတယ်"
"ဪ၊ အခုလို ထမင်းလက်ဆုံ စားနေကြတဲ့ အချိန်မှာ မင်းတို့အစ်ကိုကြီးကို မင်းတို့အနားမှာ ရှိစေချင်တာပါ။ အစ်ကိုကြီး အဖရာ ဆိုတဲ့အတိုင်း မင်းတို့အစ်ကိုကြီးပါ ရှိနေရင် ပိုပြီး ပျော်ဖို့ကောင်းမလားလို့လေ"