အခန်း {၉}
"နင် ငါ့ကိုပဲ လက်ထပ်ရမှာနော် ရဲရင့်၊ နင် ငါကလွဲပြီး ဘယ်မိန်းကလေးကိုမှ မယူရဘူးနော်"
ငယ်ငယ်ကတည်းက မိဘတွေရဲ့ အလိုလိုက် အကြိုက်လုပ်ပေးခြင်း ခံခဲ့ရသည့် သဇင်ထက်သည် ရဲရင့်ညီကို သူမလက်အောက်က လူတစ်ယောက်လို အမိန့်ပေးနေပေမယ့် ရဲရင့်ညီသည် သူမ စကားတွေကို အရေးမလုပ်ပါ။
"မင်းကို လက်ထပ်ပါလို့ မင်း ဘယ်လောက်ပဲ တောင်းဆိုနေပါစေ မင်းကိုငါ လုံးဝလက်ထပ်မှာ မဟုတ်ဘူး သဇင်ထက်၊ မင်း ဖြစ်ချင်သလို လုပ်ပေးရအောင် ငါက မင်းမိဘ မဟုတ်ဘူး၊ ငါ့ကို အမိန့်လာမပေးနဲ့"
"အေး...၊ နင် ငါ့ကို လက်မထပ်ရင် နင်တို့ညီအစ်ကိုတွေ သူတောင်းစားဘဝ ရောက်မှာနော်"
"ဖြန်း..."မတ်တပ်ရပ်နေကြသည့် ရနံ့၊ ရဲရင့်ညီနှင့် သဇင်ထက်တို့ကြား ရဲရင့်၏ လက်ဖဝါးသည် သဇင်ထက် ညာဘက်ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး...
ခွပ်...
သူ၏ အစ်ကိုဖြစ်သူ ရနံ့၏ လက်သီးသည်လည်း သူ့နှုတ်ခမ်းနားကို ကျရောက်လာကာ သူ လဲကျသွားသဖြင့် အစ်ကိုလတ်နှင့် အစ်ကိုငယ်သည် ထိုင်နေသည့် နေရာမှ ထကာ သူ့ကို ထူသည်။
"ညီအစ်ကို အချင်းချင်းပဲ လက်မပါသင့်ပါဘူး အစ်ကိုကြီး"
ရှိုင်းအောင်က ဝင်ပြောတော့ ရနံ့သည့် မျက်လုံးစိမ်းဖြင့် ကြည့်လျှက်...
"အေး...၊ ညီအစ်ကို ချင်းချင်း လက်မပါသင့်တာ ငါသိတယ်။ ငါ့ညီဖြစ်တဲ့ ရဲရင့်ကို လက်ပါလိုက်မိတာလည်း ငါ သိတယ်။ မိန်းကလေးတစ်ယောက်ကို လက်မပါသင့်တာကော မင်းတို့သိလား..."
ဒီတစ်ခါတော့ ခန့်မင်းပါ ဝင်ပါလာသည်။"ပါးပဲ ချလိုက်လို့ပေါ့၊ လက်သီးနဲ့မထိုးတာ သဇင်ထက် ကံကောင်းတယ်။ သူက ကျွန်တော်တို့ကို သူတောင်းစားနဲ့ နှိုင်းပြောတာကို အစ်ကိုကြီးပဲ လက်သင့်ခံ၊ ကျွန်တော်တို့ကတော့ လက်သင့် မခံနိုင်ဘူး၊ သူ့မိဘက စောင့်ရှောက်လို ကျွန်တော်တို့ အခုလို ကြီးပြင်းလာတယ် ဆိုရင်တောင် အခုလို အခြေအနေမျိုးကို အတည်တကျနဲ့ ရပ်တည်နိုင်အောင် ကျွန်တော်တို့ ကိုယ်တိုင် ကြိုးစားခဲ့တာ အစ်ကိုကြီး အသိဆုံး"