အခန်း (၁၈)
ရနံ့သည် ကားမောင်းရင်း သူ၏ ဘေးတွင် အိပ်ပျော်နေသည်ဟု ထင်ရသည့် သဇင်ထက်ကို ခဏ ခဏ လှည့်ကြည့်မိလို့နေသည်။ ထိုသို့ လှည့်ကြည့်တာကို ရိပ်မိသည့် သဇင်ထက်သည် မျက်လုံးလေး ဖွင့်လာလျှက်..."ဘာကြည့်နေတာလဲ"
ဟု မေးလာလေသည်။ ရနံ့လည်း ေခါင်းခါပြရင်း..."လက်နာတာ သက်သာရဲ့လား..."
"မသက်သာေတာ့ ဘာလုပ်ပေးမှာ မို့လို့လဲ"
"မသက်သာရင် ဆေးခန်းသွားပြမယ်လေ"
သဇင်ထက်၏ နှုတ်ခမ်းလေး မဲ့လို့သွားသည်။" နောက်တစ်ခါ အစ်ကိုကြီးနဲ့ ဆေးခန်းသွားပြမယ်ဆို ၀ေး၀ေးက ရှောင်မယ်၊ နောက်တစ်ခါ ထပ်ပြီး အခိုးမခံရချင်ဘူး"
" ဟင်း ဟင်း"ရနံ့ဆီမှ ရယ်သံ ခပ်သဲ့သဲ့လေး ထွက်လာသည်။
"နောက်တစ်ခါဆိုတာ မရှိလာစေရပါဘူးဗျာ...၊ ရှိလာခဲ့ရင် မင်းအစ်ကိုကြီးဆီက ထွက်ပြေးလို့ပဲ"
"ဟွန်း..."
သဇင်ထက်သည် ရနံ့ကို မျက်စောင်းထိုးရုံသာ တတ်နိုင်တော့သည်။ စကားနိုင်လုနေရင်လည်း ကိုယ်ကို သူ့လက်ခုပ်ထဲက ရေဖြစ်ခဲ့ပြီးပြီးမို့ နိုင်မည် မထင်။ ငိုယိုပြီး အိမ်ပြန်လျှင်လည်း ဖေဖေက လက်ခံမည် မဟုတ်ဘဲ နှင်ထုတ်မှာ သေချာသည်။'ဟင်း '
သဇင်ထက် သက်ပြင်းလေးတစ်ချက် တိုးတိုးလေး ချလိုက်သည်။ ရဲရင့်ညီ မဟုတ်လျှင် မယူတော့ဘူး ဟု ဆုံးဖြတ်ထားသည့် သူမ စိတ်ကို ပြင်မှ ရတော့မည်။ မပြင်လို့လည်း မဖြစ်ပေ။ ရဲရင့်ညီ၏ အစ်ကိုအား မယူလျှင် မဖြစ်သည့် အနေအထားသို့ ရောက်ခဲ့ပြီဖြစ်သည်။"ဟိုရောက်ရင် ထင်ရာမစိုင်းနဲ့တော့နော် သဇင်၊ မင်းမှာရော ညီငယ့်မှာရော ပိုင်ရှင်ရှိနေပြီ"
"ပိုင်ရှင်ရှိနေပြီ ဟုတ်လား..."ရနံ့ပြောလာသည့် စကားကို သဇင် ထပ်မေးမိသည်။ ဒီလိုဖြစ်အောင်လည်း အစ်ကိုကြီး လုပ်ခဲ့တာ မဟုတ်လား...။ သဇင်ရဲ့ သဘောတူညီမှု မပါဘဲ အစ်ကိုကြီး သဇင့်ကို ခိုးပြေးခဲ့တာ။ ဒါတွေအားလုံးဟာ အစ်ကိုကြီး သူ့ညီကို ကာကွယ်ချင်လို့ဆိုတာ သဇင်သိသည်။ ပြီးတော့ အစ်ကိုကြီးပြောသလို သဇင်သည် ရိုင်းစိုင်းနေသည့် မိန်းမတစ်ယောက်မဟုတ်။ မိသားစုအပေါ် ဆိုးတာကလွဲရင်ပေ့ါ။ ယခု အစ်ကိုကြီး သဇင့်ကို ပြောလိုက်သော စကားသည့် သဇင့်၏ သိက္ခာကို ထိပါးစော်ကားလွန်းသည်။
သူမ အစ်ကိုကြီးရနံ့အား ဇက်လှည့်၍ ကြည့်လိုက်သည်။