အခန်း {၂၂}
ဒေါက်...
"သမီးနန်း"အမေဖြစ်သူအသံကိုကြားတော့ နန်းသည် အိပ်ရာပေါ်တွင် ထိုင်နေရာမှ ချက်ချင်းလှဲကာ စောင်ခြုံ၍ နံရံဘက်ကို မျက်နှာမူထားလိုက်သည်။ မကြာလိုက်ပါ။ 'သား သွား၊ ဘေးမှာ ဝင်လှဲနေလိုက်'ဆိုသည့် အသံနှင့်အတူ ရဲရင့်ညီသည် သူမဘေးမှာ ဝင်လှဲလိုက်ပြီဆိုတာ သူမ သိလိုက်သည်။
နန်း စိတ်ဆိုးသည့်စိတ်နှင့် ရင်တုန်နေသည့်စိတ်တို့ကြောင့် အသားများတုန်ကာ လက်ဖျားခြေဖျားတွေလည်း အေးစက်လို့နေတာ နန်း ကိုယ့်ကိုယ်ကိုသိသည်။ နန်း ဖေဖေ့ကိုစိတ်ဆိုးသလို သူစိမ်းတစ်ယောက်နဲ့ အတူ အိပ်ရမည်ဆိုသည့် စိတ်တို့က တုန်လှုပ်လို့နေသည်။ အိပ်လို့လည်း ပျော်မည်မထင်ပါ။ ထိုချိန် ကုတင်ကလည်း သိပ့်ခနဲ လှုပ်သွားသဖြင့် နန်း လန့်သွားကာ ထအော်လိုက်သည်။"မင်း ဘာလုပ်တာလဲ"
သူမ ထိုသို့ပြောပြီး ထထိုင်ကာ ရဲရင့်ညီကို ကြည့်လိုက်တော့ ရဲရင့်ညီသည် ခေါင်းအုံးနှင့်စောင်ကိုကိုင်ကာ ကုတင်ဘေးတွင် မတ်တပ်ရပ်လျှက်ရှိနေပြီး သူမကို ကြောင်တောင်တောင်လေး ကြည့်ေနသည်။
"ငါမေးနေတာဖြေလေ...၊ မင်း ဘာလုပ်နေတာလဲလို့"
"ဟို ... ကျွန်တော်အောက်မှာ ဆင်းအိပ်မလို့ပါ။ နန်းအိပ်နေတာ နှိုးသွားတဲ့အတွက် တောင်းပန်ပါတယ်နော် နန်း"ရဲရင့်ညီက မျက်နှာငယ်လေးဖြင့် ပြောတော့ နန်း ဘယ်လိုပြန်ပြောရမလည်းမသိ။
"နန်း ပြန်အိပ်လိုက်ပါ။ ကျွန်တော် အောက်မှာဘဲအိပ်လိုက်ပါ့မယ်၊ နန်း ကျွန်တော့်ကို မယုံဘူးဆိုတာ သိပေမဲ့ စိတ်ချလက်ချအိပ်နော်၊ ကျွန်တော် နန်းအသားကို တဆတ်လေးတောင်မထိပါဘူးလို့ ကတိပေးတယ်"
"အင်း... မင်းသဘောဘဲ"နန်း ခေါင်းညိမ့်ပြလိုက်ပြီး စောင်ခေါင်းမြှီးခြုံကာ အိပ်ဖို့ ကြိုးစားပေမယ့် အိပ်လို့မရပါ။ သူမနှင့်ရဲရင့်ညီ တစ်ခန်းတည်းဆိုသည့်အသိက သူမအတွေးထဲ ခေါင်းထဲဝင်ဝင်လာပြီး သူမရင်ကိုတုန်စေသည်။ ထို့ကြောင့် သက်ပြင်းချမိရင်း နံရံဘက်ကိုမျက်နှာမူထားရမှ တစ်ဖက်ကို လှည့်လိုက်တော့ သူမကိုကြည့်နေသည့် ရဲရင့်ညီနှင့် အကြည့်ချင်းဆုံသွားရသည်။