အခန်း {၂၁}
ဆေးသွား၀ယ်နေသည့် ပြည့်ပြည့်ကို စောင့်ရတာ ကြလှပြီဖြစ်သည်။
"ရဲရင့်... ငါ ပြည့်ပြည့်အနောက်ကို ခဏလိုက်သွားလိုက်ဦးမယ်၊ မင်းအင်္ကျီပြန်၀တ်ထားလိုက်ဦးနော်"
ထိုသို့ပြောကာ နန်းသည် မတ်တပ်ထရပ်လေသည်။ ရဲရင့်ညီလည်း နန်း၏လက်ကို လှမ်းဆွဲထားလိုက်ပြီး...
"ပြန်ထိုင်နေပါ နန်း...၊ ကျွန်တော်ပဲ လိုက်သွားပါ့မယ်"
ရဲရင့်မှ ထိုသို့ပြောကာ ထိုင်နေရာမှ ထမည်လုပ်တော့ နန်းသည် သူ့ပုခုံးကို ဖိချ၍ ပြန်ထိုင်စေလေသည်။
"အို ဘယ်ဖြစ်မလဲ"
"ဖြည်းဖြည်းလုပ်ပါဗျာ"
"အဲဒါကြောင့် ဘယ်ဖြစ်မလဲပြောတာပေါ့၊ ကိုယ့်ကြည့်တော့ နာကျင်နေတာ၊ မင်းဒီမှာဘဲစောင့်နေ ငါ လိုက်သွားမယ်၊ ဆိုင်ကယ်သော့ ယူသွားပြီ"ပြောပြောဆိုဆိုဖြင့် ကျောပေး၍ ထွက်သွားသည့်သူမကို ရဲရင့် မတားမိတော့ပါ။ တားလျှင်လည်း တားရမှာ မဟုတ်ပေ။
"နန်း ဘယ်သွားမလို့လဲ"
'နန်း' ဆိုင်ကယ်စက်နှိုးဖို့ပြင်တော့ ပြည့်ပြည့်လည်း သူမအနား ဆိုင်ကယ်ဖြင့် ရောက်လာလေသည်။
"မယ်မင်းကြီးမ... ကျွန်မ ရှင့်နောက် လိုက်တော့မလို့"
"ဟီး...ဟီး"
ပြည့်ပြည့်သည် သွားလေးဖြီးကာ ရယ်ပြလျှက်..."နန်းတို့နှစ်ယောက် ပိုပြီးရင်းနှီးမှု ယူရအောင်လို့ ဆေးဝယ်ပြီးတယ်ဆို လမ်းမှာတွေ့တဲ့ တုတ်ထိုးဆိုင်မှာ တုတ်ထိုးဝင်စားနေတာ၊ ရော့...ဒီမှာဆေး"
"ချီးထုပ်မ...ပေး"နန်းသည် ပြည့်ပြည့်ကို မျက်စောင်းထိုးကာ ဆိုင်ကယ်ပေါ်မှဆင်း၍ ဆေးထုတ်ကိုယူကာ အထဲကိုပြန်ဝင်လာခဲ့သည်။
"တွေ့ခဲ့လား..."
'နန်း'အထဲရောက်တော့ ရဲရင့်က တန်းပြီးမေးခွန်းထုတ်သည်။
"အင်း အရှေ့မှာဘဲ တွေ့တယ်။ အင်္ကျီပြန်ချွတ်လိုက်လေ ငါ ဆေးလူးပေးမယ်"
"ရပါတယ်။ အိမ်ရောက်မှဘဲ ကျွန်တော့်ဖာသာ လူးလိုက်ပါ့မယ်၊ နန်းတို့ အခန်းမှာလိုအပ်တာတွေကြည့်လေ၊ ပြီးရင် ပြန်ကြတာပေါ့"
