အခန်း {၂}
ကလင်... ကလင်(စက်ဘီး ဘဲလ်တီးသံ)
ကလင်... ကလင်"ဘေးဖယ်... ဘေးဖယ်
ဘေးဖယ်လို့ ပြောနေတယ်လေ"
"အမလေး ဘုရား"ဘေးဖယ်ဆိုသည့် အသံနှင့်အတူ အနောက်က လှည့်ကြည့်ချိန်တောင် မမှီလိုက် ခြေထောက်ကို ဝင်တိုးလာသည့် စက်ဘီး အရှေ့ဘီးကြောင့် နန်းရွှေရည် တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားရသည်။
"အား... ကျွတ် ကျွတ် နာလိုက်တာ"
'နန်းရွှေရည်' စုပ်သပ်ရင်း သူမကို စက်ဘီးနှင့် ဝင်တိုးသည့် စက်ဘီးပိုင်ရှင်ကို မော့ကြည့်မိသည်။ စက်ဘီးပိုင်ရှင်သည် အသက် တစ်ဆယ့်သုံးနှစ်အရွယ် ကောင်မလေး တစ်ယောက်ဖြစ်သည်။ လဲကျတော့မည့် အနေအထား ဖြစ်နေသည့် စက်ဘီးကို ခြေတံ ရှည်ရှည်လေးဖြင့် ထောက်ထားသည့် ကောင်မလေးက သူမကို တောင်းပန်သည့် မျက်ဝန်းတွေဖြင့် လျှို ကြည့်လို့နေသည်။
သူမလည်း သိပ့်မနာသည်မို့ ကျုံးထကာ လက်နှစ်ဖက်မှ ဖုန်တွေနှင် တင်ပါးက ဖုန်တွေကို ခါချလိုက်ပြီး ကောင်မလေးကို သေချာလေး ပြန်ကြည့်လိုက်သည်။"စက်ဘီး မနင်းတက်ဘူးလား... "
"Sorry Sister... "
"ဘယ်လို ကလေးမလေးလည်း ဟ၊ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလို့ ပြောရမှန်းလည်း မသိဘူး"ပုခုံးလေး နှစ်ဖက်ကို တွန့်ပြကာ ဘိုလိုပြော၍ စက်ဘီးနင်း နှင်ထွက်သွားသည့် ကောင်မလေးရဲ့ ကျောပြင်ကို ကြည့်ပြီး နန်းရွှေရည် နှုတ်မှ တီးတိုးစကား ဆိုမိသည်။
"ဘာရပ်လုပ်နေတာလဲ နန်းရွှေရည်ရယ်၊ လာနိုး လာနိုးနဲ့ မျှော်ရတာ လည်ပင်း ရှည်မထွက်ရုံတမယ်၊ မစောင့်နိုင်လွန်းလို့ နောက်ကြောင်း ပြန်လှည့်လာတာ ညဉ်းက ဒီမှာ မတ်တပ်ရပ်နေ၊ အချိန်တွေ အလကား ရတယ်များ ထင်နေလား... "
အစ်ကိုကြီး လှိုင်ဝင်း၏ မိန်းမဖြစ်သူ ယောင်းမ မော်မော်ကြောင့် နန်းရွှေရည် နှုတ်ခမ်းလေး ဆူမိသည်။ သူမဖြစ်စဉ်ကို ယောင်းမက စဆုံးမှ မမြင်လိုက်တာ။ ဒါကြောင့် သူမကို စွပ် ပြောနေတာ။
"နှုတ်ခမ်းဆူမနေနဲ့ "
"ယောင်းမကလည်း ဖြေးဖြေးဆွဲပါ။ နန်းက မတ်တပ်ရပ်ချင်လို့ ရပ်နေတာမှ မဟုတ်တာ"