မောင့် ချစ်ဆုံး
အခန်း {၁}
နေက ပြင်းပြင်း ကတ္တရာလမ်းက ပူပူ ခြေကျင်းဗလာဖြင့် ပြေးကာ တစ်စုံတစ်ယောက်ကို သူမ အတော် အတန်ကြာ လိုက်လံ ရှာဖွေနေပေမယ့် ညနေစောင်းသည်ထိ မတွေ့ရှိပါ။"ဟူး... "
သူမသည် လေကို ခပ်ပြင်းပြင်း ရှူသွင်းရမည့် အစား လေကို ခပ်ပြင်းပြင်း မှုတ်ထုတ်မိ၏။ ဒီလိုနေ့မျိုးကို ရောက်ဖို့ သူမ အတော်အတန်ကြာ စောင့်ဆိုင်းခဲ့တာတောင် လွဲချော်ဖြစ်အောင် လွဲချော်သွားသေးသည်။
ဘုတ်...
လက်ထဲက အထုတ်ကိုလည်း မြေပြင်ပေါ်သို့ လွှတ်ချလိုက်မိသည်။
"ရှင် ကျွန်မကို တကယ်မချစ်ခဲ့ဘူး၊ ရှင် အရမ်းရက်စက်လွန်းတယ် ကိုဟိန်းရယ်..."
ပါးပြင်ပေါ်သို့ မျက်ရည်စကြီး မျက်ရည် စက်ငယ်တို့သည် တစစ ကျဆင်းလို့လာသည်။
ချစ်ရသူ ကောင်လေးနဲ့ ဘဝတစ်ခုလုံး ဖြတ်သန်းဖို့ဆိုပြီး အထုတ်တစ်ထုပ်နဲ့ အိမ်က ထွက်လာခဲ့တာ အခုတော့ သူမတစ်ယောက်တည်း လမ်းဘေးမှာ အဖော်မဲ့နေပြီ။ ချစ်ရသူ ကောင်လေးသည် ချိန်းထားသည့် နေရာကို ရောက်မလာသလို သူမတို့ တွေ့ဆုံချိန်တိုင်း သွားတတ်သည့် နေရာများတွင်လည်း ရှိမနေ။
နှစ်ဦးနှစ်ဖက် မိဘတွေ သဘောတူညီမှု ထားရှိကြပေမယ့်လည်း သူ့ကို တကယ်ချစ်ရင် သူ ခိုးရာနောက် လိုက်ခဲ့ပါဆိုလို့ သူ့ကို သူမ တကယ်ချစ်သည်ဆိုတာ သက်သေပြချင်လို့ ခိုးရာနောက် လိုက်ဖို့ ခေါင်းညိတ်ခဲ့တာ။ အခုတော့ သူမ အချစ်တွေ အလကား ဖြစ်သွားသလို သူမရဲ့ အရှက်လည်းမဲ့ သိက္ခာလည်း ကျရပြီ။ဒူး... ဒူး...ဒူး... ဒူး
လက်ထဲက ဖုန်းက ရုတ်တရက် မြည်လာပြီး ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကိုဟိန်းဆီမှ ဖြစ်နေသည်ကြောင့် သူမ အလျှင်အမြန်ပင် ကိုင်လိုက်သည်။
"ဟယ်လို ကိုဟိန်း..."
"ကိုယ် တောင်းပန်ပါတယ် နန်း၊ ကိုယ် ကိုယ့်မေမေ စကားကို မလွန်ဆန်နိုင်လို့ မင်းကို ကိုယ် ခိုးရာနောက် လိုက်ဖို့ တောင်းဆိုခဲ့တာ၊ ဒါပေမဲ့ သေချာပြန်စဉ်းစား ကြည့်တော့ ကိုယ့်မိသားစုကို ကိုယ် လက်မလွှတ်နိုင်ဘူး၊ မင်းကို ကိုယ့်မိသားစုထဲ ဆွဲသွင်းဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး၊ တောင်းပန်ပါတယ်ကွာ"
"ဒါဆို ရှင်က ရှင့်မေမေက ခိုးပြေးခိုင်းလို့ ကျွန်မကို ခိုးပြေးဖို့ လုပ်တာပေါ့ ဟုတ်လား... ၊ ရှင့်ဆန္ဒ တစ်စုံတစ်ရာ မပါပဲနဲ့လေ"