Unicode Part - 6

58 1 0
                                    

အခန်း {၆}

"မင်းလုပ်ရပ် မဟုတ်သေးဘူးနော် ငါ့ညီ"

ရဲရင့်ညီသည် ကုတင်ထပ် လှဲလျောင်း၍ စာအုပ်ဖတ်နေတုန်း ဘာမဆိုင် ညာမဆိုင် အခန်းထဲ ၀င်ရောက်လာကာ ကြိမ်းမောင်းသည့် အစ်ကိုဖြစ်သူ ရနံ့ကို သူ မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး ထထိုင်လိုက်ကာ ဤသို့ ဆိုမိသည်။

"ကျွန်တော် ဘာလုပ်မိလို့လဲ"
"ဘာလုပ်မိလို့လဲ ဟုတ်လား... ၊ မနက်က သဇင်ထက်ကို ဘယ်လို အပြုအမူမျိုးနဲ့ ဆက်ဆံလိုက်လဲ မင်းကိုယ်မင်း သိမှာပေါ့"

ထိုသို့ပြန်ဖြေမှ ရဲရင့် နှုတ်ခမ်းမဲ့လိုက်သည်။ ချီးထုပ်မ သူ့ကို တိုင်ပြောလိုက်တာ သေချာသည်။ ထပ်တွေ့မှ lessonကောင်းကောင်းလေး ပေးဦးမည်။
စိတ်ထဲက ကြိမ်းဝါးရင်း ခေါင်းအုံးပေါ် ပြန်လှဲလိုက်သည်။

"ကျွန်တော် အိပ်တော့မယ်"
"ငါစကားပြောလို့ မပြီးသေးဘူး ရဲရင့်"
"သဇင်ထက် ကိစ္စဆို ကျွန်တော့်မှာ ထပ်ပြောစရာ စကားမရှိဘူး အစ်ကိုကြီး"
"နောက်သုံးလနေလို့ မင်းအစ်ကိုလတ်တို့ ပြန်လာတာနဲ့ သဇင်ထက်နဲ့ မင်း စေ့စပ်ရမယ်၊ ငါဒါပဲ ပြောချင်တယ် ရဲရင့်"

အစ်ကိုကြီး ရနံ့က ထိုသို့ပြောပြီး ထွက်သွားသည်။ သူ့မှာ နည်းနည်းလေးတောင် ငြင်းဆန်ခွင့် မရှိ။ အဖေအမေသာ ရှိလျှင် ဒီလိုလုပ်မည်မထင်။ သူတို့လက်ထဲမှာ နေရလို့ ဒီလိုဒီပုံစံ လုပ်နေတာ။ အဲဒီစေ့စပ်ရမယ်။ လက်ထပ်ရမယ် ကိစ္စကို တွေးမိတိုင်း သူ့မှာ စိတ်သက်သာစွာ နေရတယ်လို့ တစ်ခါမရှိ။
အခုလည်း နောက်သုံးလနေလို့ အစ်ကိုလတ်တို့ ပြန်လာလျှင် ချီးထုပ်မနှင့် စေ့စပ်ရမည်တဲ့။ သူ ဒီလိုအဖြစ်မခံနိုင်ပါ။ သူ့မှာ ချစ်ခွင့်ရှိသည်။ သူ မနန်းရွှေရည်ကို ချစ်သည်။ ဟုတ်သည်။ မနန်းရွှေရည်၏ အချစ်ကို သုံးလမပြည့်ခင် သူ ရအောင် ယူမည်။ သုံးလပြည့်လို့မှ အစ်ကိုလတ်တို့ ပြန်လာလို့မှ မနန်းရွှေရည်၏ အချစ်ကို မရလျှင် သူနှင့် မနန်းရွှေရည် တကယ်ဝေးပြီ။

'အစကတည်းက ကြိုပြီး တွေးခဲ့ရင် သိပ့်ကောင်းမယ် နန်းရယ်'

မျက်လုံးစုံမှိတ်ကာ နန်းရွှေရည်၏ ပုံရိပ်လေး မြင်ယောင်ရင်း ရဲရင့် ထိုသို့ဆိုလိုက်သည်။
နောက်နေ့ မိုးလင်းသည်ဆို သူ အိပ်ယာမှ ချက်ချင်းထကာ ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်ပြီး Shirtအင်္ကျီလက်တို အစိမ်းရောင်လေးကို ပုဆိုးအစိမ်းကွက်နှင့် တွဲဖက်ဝတ်ဆင်လိုက်ပြီး ဆိုင်ကယ်စီးကာ နန်းရွှေရည် ရှိရာအရပ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
သည်နေ့ ပထမဆုံး သူ့ရည်ရွယ်ချက်သည် နန်းရွှေရည်နှင့် တိုက်ဆိုင်မှု ပြုလုပ်မည် ဖြစ်သည်။ သို့မှသာ သူမနှင့် သူ စဆုံတွေ့နိုင်မည် ဖြစ်သည်။ သူ့ ရည်ရွယ်ချက်တွေ ဖြစ်လာပါစေလို့သာ ဆုတောင်းရမည်။
ဤသို့ဖြင့် နန်းရွှေရည်၏ ခြံနားမရောက်တရောက်မှာ သူ ဆိုင်ကယ်ရပ်ထားလိုက်ပြီး နန်းရွှေရည် ဆိုင်ထဲက ထွက်အလာကို သူ စောင့်မျှော်နေလိုက်သည်။ သူ့ကို တခြားသူတွေ မရိပ်မိအောင် maskတပ်ပြီး ဖုန်းကြည့်လိုက် နန်းရွှေရည် ခြံထဲက ထွက်အလာကို မသိမသာ ခိုးကြည့်လိုက် လုပ်နေရသည်။
အချိန်က နံနက် ရှစ်နာရီသို့ ရောက်လာသည်။ အစ်ကိုကြီးကလည်း ဖုန်းတွေဆက် စာတွေပို့နေပြီ။ အခုချိန်ထိ သူမအရိပ်ယောင် နည်းနည်းလေးတောင် သူ မမြင်ရသေး။ အစ်ကိုကြီးဆီကလည်း နောက်တစ်ကြိမ် ဖုန်းဝင်လို့လာသည်။ မကိုင်လို့ မဖြစ်တော့သည်မို့ သူ ကိုင်လိုက်ရသည်။

မောင့် ချစ်ဆုံး Where stories live. Discover now