ကောင်းကင်ကြီးကတိမ်ကင်းစင်နေပြီး ပြာလဲ့ကာအစွမ်းကုန်လှပနေသည်။လေညှင်းတွေက လမ်းမထက်မှာလှုပ်ရှားသွားလာနေကြတဲ့ လူတွေကြားထဲတိုးဝှေ့ပြီးကူးလူးတိုက်ခတ်နေသည်။လေပြည်တွေထဲမှာ ပန်းမာလာအနံ့တွေ ထုံထုံသင်းနေတာက နွေဦးဖြစ်ကြောင်းပြောပြပေးသည်။နွေဦးဟာ ပြန်လည်အစတင်ခြင်းဆိုတဲ့အဓိပ္ပါယ်ရှိသည့်အတွက် ကျောင်းတွေလည်းပြန်ဖွင့်သလို၊လုပ်ငန်းခွင်တွေလည်းပြန်လည်စတင်ကြသည်။အားလုံးအတွက်နွေဦးဟာ ကံကောင်းမှုနဲ့အသစ်ပြန်လည်စတင်ခြင်းရဲ့ လမ်းစဖြစ်သည်။
လူတွေရှုပ်ယှက်ခတ်နေတဲ့ ရထားဘူတာရုံမှာ canvasအသေးထည့်ထားတဲ့အိတ်အနက်ရောင်ကိုလွယ်၍ နားကြပ်တပ်ထားတဲ့အသက်30ဝန်းကျင်အမျိုးသားတစ်ယောက်က အလိုရှိရာရထားကိုစောင့်နေသည့်ပုံ။မျက်ဝန်းဝိုင်းဝိုင်းတွေကအေးစက်တဲ့အသွင်ရှိပြီး ရထားလမ်းကိုဆွေးကြည့်နေသည်။ကြည့်လိုက်တာနဲ့တင် ထိုအမျိုးသားရဲ့ပုံရိပ်ကလွမ်းမောဖွယ်ရာဖြစ်နေ၏။
နာရီလက်တံတွေပုံမှန်လည်ပတ်နေသည့် အချိန်တစ်ခုအကြာမှာတော့ ရထားတစ်စင်းဆိုက်ရောက်လာသည်။ထိုအမျိုးသားသည် ဆိုက်ရောက်လာတဲ့ရထားပေါ်တက်သွားသည်။ရထားပေါ်ကထိုင်ခုံမှာ ငြိမ်သက်စွာထိုင်နေပြီး ရင်ခွင်ထဲမှာcanvasထည့်ထားတဲ့အိတ်ကိုပိုက်ထားသည်။မျက် ဝန်းတွေကိုမှိတ်လို့ထားပြီး သီချင်းကိုလိုက်ပါစီးမြောနေသည်။
.
."တောင်းပန်ပါတယ်...ကျွန်တော်နောက်ကျသွားတယ်"
Canvasထည့်ထားတဲ့အိတ်ကိုဘေးခုံမှာချပြီး အားနာစွာပြောလိုက်သည်။အချိန်ကွက်တိထွက်လာသော်လည်း ဦးစွာရောက်နေတဲ့တစ်ဖက်လူကို အားနာတာမို့ပင်။
"မဟုတ်တာဗျာ...ကျွန်တော်ကစောထွက်လာတာပါ"
သူပြောလိုက်တော့မှ တစ်ဖက်ကလူကစိတ်အေးသွားဟန်ဖြင့် ပြုံးပြသည်။
"ပထမဆုံးတွေ့ဆုံခြင်းပါ...ကျွန်တော်ကKoreစာအုပ်တိုက်ရဲ့အယ်ဒီတာချုပ်ဂျီဆောင်းဟွန်းပါ"