ညနေခင်းနေအေးသည့်အချိန်တွင် ဂျောင်ကုနှင့်ထယ်ယောင်းသည် အနွေးထည်ထူပွပွကိုယ်စီဝတ်၍ ခြံဝန်းထဲ၌တစ်ကုပ်ကုပ်နှင့် အလုပ်ရှုပ်နေကြသည်။အလုပ်ရှုပ်နေသူက ဂျောင်ကုတစ်ယောက်တည်းလို့ပြောလျှင်ပိုမှန်မည်။ထယ်ယောင်းကတော့ လက်လေးနောက်ပစ်၍ ဂျောင်ကုလုပ်သမျှကိုလိုက်ကြည့်နေတာပင်။
"ဒီအပင်ကဘယ်တော့မှ ဂေဟာကလိုအပင်ကြီးဖြစ်မှာလဲ...ခုမှသေးသေးလေးရှိသေးတယ်...ကျစ်!"
မက်မွန်ပင်ပေါက်လေးကိုကြည့်ပြီး ငြီးငြူစွာပြောလာတဲ့ထယ်ယောင်းကြောင့် မက်မွန်ပင်ဘေးပတ်လည်ကိုပေါင်းသင်ပေးနေတဲ့ဂျောင်ကုက ထယ်ယောင်းကိုလက်ယက်ခေါ်လိုက်သည်။ထယ်ယောင်းအနားသို့ရောက်လာတော့ လက်ကနေဆွဲ၍ အပင်ပေါက်လေးကိုလက်နဲ့ထိခိုင်းသည်။
"မြန်မြန်ကြီးလာလို့ပြောလိုက်ရင် ကြီးလာလိမ့်မယ်ကင်မ်"
"အပိုတွေ...ကျွန်တော့်ကိုကလေးများမှတ်နေလား"
"ကလေးပဲမဟုတ်လားကင်မ်ရဲ့"
"ဘာကလေးလဲ!...ကြီးနေပြီ!...ဖယ်စမ်းပါ"
သူ့ကို 'ကလေး' လို့ပြောလိုက်ခြင်းကြောင့် ထယ်ယောင်းကမျက်စောင်းထိုး၍ ဂျောင်ကုလက်ကနေရုန်းကာ ဘေးမှာ ဆောင့်ကျောင့်ထိုင်သည်။ပြီးတာနဲ့ မက်မွန်ပင်ပေါက်နားဆီသွားပြီး ပါးစပ်ကိုလက်နဲ့အုပ်၍ တစ်ခုခုပြောသည်။
"ဘာတွေပြောနေတာလဲကင်မ်"
"ဂျွန်ပဲမြန်မြန်ကြီးလာဖို့ပြောလိုက်ဆို...မြန်မြန်မကြီးလာလို့ကတော့ ကျွန်တော်နဲ့တွေ့မယ်နော်...အဲ့အပင်ရော..ဂျွန်ရော"
"ကင်မ်ကအဆိုးလေကွာ"
"အဲ့တော့မချစ်ဘူးလား"
ထိုမေးခွန်းသည် ဂျောင်ကုကထိုကဲ့သို့ပြောတိုင်း ထယ်ယောင်းပြန်မေးနေကျမေးခွန်းဖြစ်သည်။ထိုသို့ထယ်ယောင်းမေးတိုင်းလည်း ဂျောင်ကုကတစ်ပုံစံတည်းပြန်ဖြေလေ့ရှိသည်။
"ချစ်ပြီးရင်းချစ်နေတာပါကင်မ်"
ဂျောင်ကုအဖြေကြောင့် ထယ်ယောင်းကခပ်ရေးရေးလေးပြုံးရင်း ဂျောင်ကုရင်ခွင်ထဲတိုးဝင်လာတော့ ဂျောင်ကုမှာမြေကြီးပေါ်ထိုင်ချလိုက်သားဖြစ်သွားသည်။
