မီးဖွင့်ထားခြင်းမရှိသည့် မှောင်မဲနေသောဧည့်ခန်း၏အလည်တည့်တည့်တွင် ဂျောင်ကုလှဲလျောင်းနေသည်။ပြတင်းပေါက်တွေပိတ်ထားမှုကြောင့်လည်း အချိန်ကနေ့လားညလားဆိုတာ မခွဲခြားနိုင်။သို့သော် စေ့ထားတဲ့ပြတင်းပေါက်တံခါးကြားရနေ တိုးဝင်နေတဲ့နေရောင်ခြည်ကြောင့် နေ့ဖြစ်နိုင်ချေရှိသည်။အဆုံးမရှိသောမျက်ရည်တွေသည် အလိုအလျောက်ပင် ကြမ်းပြင်ပေါ်သို့ကျဆင်းနေသည်။နီရဲပြီးမို့အစ်နေသောမျက်လုံးတွေသည် မှိတ်ထားခြင်းမရှိပဲ အမှောင်ထုထဲကမျက်နှာကျက်ကိုသာ အကြောင်းအရင်းမဲ့စွာကြည့်နေသည်။ခေါင်းတစ်ခုလုံးချာချာလည်နေပြီး ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်သွားခဲ့သည်။ဒါဟာ လက်မခံလို့မရသည့် အမှန်တရားတွေကြောင့်ပင်။
"ကတိမတည်တဲ့ကိုယ့်ကိုစိတ်ဆိုးနေခဲ့တယ်မလား ကင်မ်"
ကြေကွဲမှုပေါင်းများစွာပါဝင်သည့် အက်ရှနေသောအသံသည် ခပ်တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။ထို့အတူ မျက်ရည်ပူတွေကလည်း နားထင်နှစ်ဖက်ကိုပြိုင်တူစီးဆင်းသည်။
"မလိုက်သွားရင်စိတ်ဆိုးမှာလို့ ခြိမ်းခြောက်ခဲ့တဲ့ကိုယ့်ကို...မုန်းတီးနေခဲ့တယ်မလား"
"ကင်မ်...ကင်မ်ရယ်"
ရှိုက်သံတွေထွက်လာတော့သည်။ပွေ့ဖက်ပေးမယ့်လူမရှိတာကြောင့် ပိုဝမ်းနည်းလာပြီး ခန္ဓါကိုယ်ကိုကွေး၍ပိုငိုမိသည်။အတိတ်ကကင်မ့်ကို ဒီလိုလူမဆန်တဲ့ဖြစ်ရပ်မျိုးတွေဆီကနေ မကာကွယ်ပေးနိုင်ခဲ့ခြင်းက သူ့အမှားတွေချည်းသာ။သူသာ ထိုလက်သေးသေးလေးကို အဆုံးထိဆုပ်ကိုင်ထားခဲ့ရင် ၊ဂျွန်နဲ့မခွဲနိုင်လို့မလိုက်တော့ဘူးလို့ သူ့ခါးကိုဖက်ပြီးအတင်းငိုနေခဲ့တဲ့ဆံပင်ကောက်ကောက်လေးကို မလိုက်သွားပါနဲ့လို့ တားမိခဲ့ရင် ၊ငါလည်းမင်းနောက်ကိုလိုက်လာမှာဟူသော မတည်နိုင်တဲ့ကတိတွေကိုမပေးခဲ့လျှင် ဆံပင်ကောက်ကောက်လေးနဲ့ကင်မ်က အခုဆိုသူ့ဘေးမှာရှိနေလောက်မည်။လောဘသားကောင်တွေရဲ့လှည့်ကွက်ထဲမှာ သူနဲ့ကင်မ် မိုင်ပေါင်းသောင်းချီဝေးခဲ့ရသည်။ထိုအကွာအဝေးမှာ ကင်မ်ကဒီလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရပြီး သူ့ဆီကိုဘယ်တော့မှပြန်မလာခဲ့ဘူး။ဘယ်သောအခါမှပြန်မလာနိုင်မယ့်လမ်းကို အကောင်းဆုံးလမ်းပါဆိုပြီး ကင်မ့်ကိုနားချခဲ့သေးသည်။
