အဖြူရောင်အခန်းတစ်ခု၏ အညိုရောင်ဆိုဖာပေါ်၌ ဂျောင်ကုထိုင်နေသည်။ဆွယ်တာလည်ပိတ်အနက်ကို အပေါ်ကနေရှပ်အဖြူအရှည်နဲ့တွဲဝတ်ထားပြီး ခေါက်ရိုးကျနေတဲ့စတိုင်ပန့်အနက်ရောင်ကို လိုက်ဖက်စွာဝတ်ဆင်ထားသည်။ဆံပင်တွေကို ဘယ်ဘက်သို့ယိမ်း၍ သေချာဖီးလိမ်းထားပြီး မျက်မှန်ကိုင်းအနက်ကိုတပ်ထားသည်။မြင်နေကျထက် ပိုမိုချောမောနေတဲ့ဂျောင်ကုပုံစံက ထိုင်ငေးကြည့်စရာအတိဖြစ်နေ၏။
"ခဏနေရောက်လာကြတော့မှာပါ အစ်ကိုဂျောင်ကုရာ"
လက်ကနာရီအနက်လေးကို ခဏခဏကြည့်နေတဲ့ဂျောင်ကုကြောင့် ဘေးမှာထိုင်နေတဲ့ဟာနူးမှာ စိတ်မရှည်တော့တာမို့ပြောလိုက်သည်။ဒီနေ့က အင်တာဗျူးတစ်ခုရှိသည်မို့ ဂျောင်ကု ကုမ္ပဏီကိုရောက်နေတာဖြစ်၏။
"Kore စာအုပ်တိုက်နဲ့ pj ကဘယ်တော့လဲ"
"မနက်ဖြန်လို့ အစ်ကို့ကိုစာပို့ထားတယ်လေ"
"ကျစ်!...အဲ့ဒါပြီးရင် ဘာမှထပ်မရှိတော့ဘူးမလား"
စိတ်မရှည်ခြင်းများစွာဖြင့် သုန်မှုန်နေတဲ့ဂျောင်ကုမျက်နှာကြောင့် ဟာနူးမှာအံ့သြမဆုံး။အရင်ကဆို အလုပ်ထဲမှာစိတ်နှစ်ထားလွန်းလို့ အနားယူပါဦးလို့တောင်ပြောယူရတဲ့ အစ်ကိုက အခုတော့ အလုပ်မလုပ်ချင်ဘူးချည်းပဲငြူစူနေတာမို့ သူ့အတွက်တော့ သိပ်နေသားမကျပေ။ချစ်ရမယ့်လူတွေ့ကတည်းက ခြေလှမ်းတွေပျက်သွားတာ အခုထိပဲ။
"ငါမေးတာမဖြေတော့ဘူးလား ဆောဟာနူး"
နှုတ်ခမ်းရွဲ့ပြီး သူ့ကိုကြည့်နေတဲ့ဟာနူးက မေးတာကိုမဖြေသည်မို့ ထပ်ပြောလိုက်တော့မှ အတွေးကမ္ဘာထဲက လွတ်မြောက်လာသလို ခေါင်းကုတ်သည်။
"အာ...စာအုပ်အသစ်ထွက်ပြီးရင် fan meeting ရှိတယ်"
"အဲ့ဒါလိုသေးတယ်မလား"
"ဟာ...အစ်ကို့စာအုပ်က နောက်4ရက်ဆိုထွက်ပြီလေ...အဲ့ဒါပါမသိဘူးလို့တော့မပြောနဲ့နော်"
သူပြောလိုက်တော့ တစ်ကယ်သိထားပုံမရတဲ့အစ်ကိုကြောင့် သက်ပျင်းအရှည်ကြီးချမိသည်။အစ်ကို့ရဲ့ဒီလိုအူတူတူပုံနဲ့ဆို သူတော့ CEO ဆီကအဆူခံရတော့မှာပဲ။အလုပ်အသစ်ပါ ကြိုရှာထားမှ တော်ကာကျမည်။
