ဂျောင်ကု မျက်နှာမသာမယာဖြင့် CEOရုံးခန်းမှာထိုင်နေသည်။ဂျောင်ကုဘေးတွင်တော့ ဟာနူးကမျက်နှာကိုချီ၍ ထိုင်နေသည်။နှစ်ယောက်သားစကားမပြောပုံအရဆို ကတောက်ကဆဖြစ်ထားတဲ့ပုံဖြစ်သည်။
"ဘာလို့အစ်ကိုနမ်ဂျွန်မလာသေးတာလဲ"
သက်ပျင်းချပြီး မေးတဲ့ဂျောင်ကုဖြစ်သည်။
"အစည်းအဝေးလုပ်နေပါတယ်ဆို"
ပြန်ဖြေတဲ့ဟာနူးအသံကလည်း ခပ်ဆတ်ဆတ်ဖြစ်သည်။ထိုမေးခွန်းကို ဂျောင်ကုမေးနေတာ 5ခါမကတော့တာကြောင့်ဖြစ်သည်။အစ်ကိုက အခုတလော အရင်ကနဲ့မတူပဲ အလောသုံးဆယ်နှင့်အမြဲစိတ်မရှည်ပါ။ဟိုနေ့ကထွက်ပြေးသွားတဲ့ကိစ္စကိုပဲကြည့်...အဲ့ကိစ္စကြောင့်သူ့မှာ CEO ဆီကနေ တော်တော်နားငြီးခံလိုက်ရသည်။တာဝန်ကျေတတ်တဲ့အစ်ကိုဂျောင်ကုက နေ့ချင်းညချင်း လူစားထိုးခံလိုက်ရသလိုပင်။ပြောင်းလဲသွားလိုက်ပုံများ...ဆောဟာနူးရဲ့ဦးနှောက်သေးသေးလေးတောင် လိုက်မမှီတော့။
ဖုန်းသိပ်မကိုင်တတ်တဲ့ဂျောင်ကုက အခုတော့ ဖုန်းကိုသာခဏခဏဖွင့်ကြည့်သည်။ဆယ်ခုတောင်မကျော်သော contact list ထဲမှာ 'Kim' ဟုမှတ်ထားသော contact ကိုပဲကြည့်ပြီးစိတ်လှုပ်ရှားနေသည်။ကင်မ်နဲ့မတွေ့ရတာ 2ရက်ရှိပြီဖြစ်သည်။ပထမတစ်ရက်က စာအုပ်အကြမ်းထည်ကိစ္စနဲ့အလုပ်ရှုပ်နေခဲ့ပြီး ဒုတိယတစ်ရက်ကတော့ လိုအပ်တဲ့နေရာတွေကိုပြန်ဖြည့်ပြီး ပုံတွေပါပြန်ပြင်ဖို့ ဒီဇိုင်းဌာနနဲ့တိုင်ပင်နေခဲ့ရတာကြောင့်ဖြစ်သည်။2ရက်လုံးအရူးတစ်ပိုင်းလို ကင်မ့်ဆီပဲသွားချင်နေပေမယ့် အလုပ်ကပစ်ထားလို့မရတာနဲ့ ထုတ်ဖို့ရက်နီးနေတာကြောင့် အားလုံးကိုအပြီးသတ်လုပ်ပေးနေရတာသည်။ကင်မ်တော့ သူ့ကိုမျှော်နေမလား?စိတ်ဆိုးနေမလား?ဆိုတာကို ဖုန်းဆက်မေးချင်သော်လည်း ဖုန်းစဆက်ခွင့်မရှိဘူးလို့အမိန့်ပေးခဲ့တဲ့ကင်မ်ကြောင့် ဒီအတိုင်းလွမ်းနေရုံသာတတ်နိုင်ခဲ့သည်။
"ဘာတွေရေးနေတာလဲ"
ကင်မ့်ဆီကို မက်ဆေ့တစ်ကြောင်းလောက်ပို့ဖို့ ရေးလိုက်ဖျက်လိုက်လုပ်နေတုန်း အနားကိုရောက်လာတဲ့ခေါင်းကြောင့် အမြန်တွန်းထုတ်ပြီးဖုန်းပိတ်လိုက်ရသည်။ဆောဟာနူးက သိပ်စပ်စုတာ။သိသွားလို့မဖြစ်ဘူး။
