တိတ်ဆိတ်နေသောရပ်ကွက်၏ အိမ်တစ်အိမ်သည် လိုတာထက်ပိုပြီး ဆူညံသံတွေဖြင့်ပြည့်နှက်နေသည်။အတိအကျဆိုရလျှင် ကလေးတစ်ဦး၏ငိုသံဖြစ်ပြီး အိမ်နီးနားချင်းတွေနားမလည်လောက်သောဘာသာစကားဖြင့် တစ်ခုခုကိုပြောပြီးအော်ငိုနေတာဖြစ်သည်။
"မစားဘူး...ဂေဟာကိုပြန်ပို့ပေး!...မွေးစားမခံချင်တော့ဘူး!"
"ကလေးရယ်...အန်တီလည်းဘာမှမတတ်နိုင်တာမို့စားလိုက်ပါနော်"
"မစားဘူး!...မစားဘူး!!"
"စားပြီးရင်ဂေဟာကိုပြန်ပို့ပေးမယ်...အန်တီကတိပေးတယ်...ဒါကြောင့်မို့ထမင်းစားရအောင်နော်"
"လိမ်တာ!...အန်တီလိမ်တာ!...နေ့တိုင်းအဲ့လိုပြောပြီးသားကိုဒီအခန်းမှာပဲထည့်ထားတာ!"
ငိုယိုနေသောဆံပင်ကောက်လေးသည် အရင်နေ့တွေနဲ့မတူပဲ အော်ဟစ်ငိုယိုနေတာကြောင့် အိမ်အကူအမျိုးသမီးမှာသက်ပျင်းပဲချနေသည်။သူမတာဝန်က ဒီကလေးကိုစောင့်ရှောက်ဖို့ဖြစ်သည်မို့ ထမင်းဝင်အောင်ကျွေးနေရခြင်းက အင်မတန်ခက်ပါသည်။
"အန်တီကသားအကြိုက်ကိုရီးယားအစားအစာတွေပဲချက်ထားတာ...စားလိုက်ပါနော်"
"မစားဘူး!...ဂျွန့်ဆီပြန်ပို့ပေး!!"
ဘယ်လိုမှပြောမရတဲ့နောက်ဆုံးမှာ အိမ်အကူအမျိုးသမီးသည် ထမင်းဗန်းလေးကိုစားပွဲပေါ်မှာတင်ထားခဲ့ပြီး သက်ပျင်းချ၍ထွက်သွားခဲ့သည်။ကျန်ခဲ့တဲ့ဆံပင်ကောက်လေးကတော့ ငိုယိုနေဆဲပင်။ဘယ်သူနဲ့မှမသိတဲ့ဒီလိုနေရာမှာ သူတစ်ယောက်တည်းဆိုတဲ့အသိက ဆံပင်ကောက်လေး၏စိတ်ကို ခြောက်ခြားသည်ထက်ပိုစေသည်။အားကိုးရာဖြစ်တဲ့ဂျွန်မရှိတော့ပိုဆိုးသည်။
"ငါကြောက်တယ်ဂျွန်...အင့်...ငါဒီမှာမနေချင်တော့ဘူး...မင်းကိုတွေ့ချင်တယ်...အင့်...မင်းကိုတွေ့ချင်တယ်ဂျွန်!!"
ရှိုက်သံတွေနဲ့ရောထွေးနေတဲ့ငိုသံတွေသည် ပိုပိုကျယ်လောင်လာခဲ့သည်။
"ဂျွန်နဲ့ပြန်တွေ့ပါရစေ...အင့်...ကျေးဇူးပြုပြီးဆုတောင်းကိုဖြည့်ဆည်းပေးပါဘုရားသခင်...အင့်...အာမင်"
