...
...
...
(unicode )
"တောက်!!!...."
ဧည့်ခန်းတစ်ခုလုံးသည် တောက်ခေါက်သံကြီးဖြင့် ဟိန်းသွားရသည်။ ဘောင်းဘီအိပ်ကပ်ထဲသို့ ဖုန်းထိုးထည့်သည်။ လက်သီးကိုကျစ်နေအောင်ဆုတ်သည်။မေးရိုးကြီးများကားထွက်သည်ထိ အံကြိတ်သည်။ နောက်ဆုံးမှာတော့ လေပူတစ်ချက်မှုတ်ထုတ်ကာ စိတ်လျော့ရင်း နားထင်ပေါ်သို့လက်ထောက်ကာ ခုံပေါ်သို့ သူထိုင်ချလိုက်သည်။
"ဟုတ်တယ်...ငါနည်းနည်းဒေါသလျော့ရမယ်။ကလေးလေးကပတ်ဝန်းကျင်နဲ့နေတာ။နောက်ပြီး လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့ လူ့အဖွဲ့အစည်းမှာ အလုပ်လုပ်နေတာ။သည်လောက်တော့ရှိမှာပဲ....ဟုတ်တယ်။သည်လောက်လေးကိုတော့ ငါကစိတ်လျော့ပြီး သည်းခံပေးရမယ်။စိတ်လျော့....မင်းစိုးရာဇာ.. စိတ်လျော့"
"ဟူး..."
နောက်ထပ်လေပူတစ်လုံးအား ပြန်မှုတ်ထုတ်လိုက်ပြန်သည်။အိုက်စပ်စပ်ဖြစ်လာသလိုပင် ရှိ၍ သူသည် လည်ပင်းရှိ ကြယ်သီးအား ဖြုတ်လိုက်သည်။အခန်းတွင်းအပူချိန်သည် သူ့ဒေါသကြောင့် လိုတာထက်ကို ပိုကာပူနေရသည်။ဒူးဆစ်ပေါ်သို့ လက်ချောင်းဖြင့်ဆက်တိုက် ခေါက်နေမိသည်။မိုက်၏ ပြောပြချက်များကို အကွင်းလိုက်အကွက်လိုက်ပုံဖော်ကာ သူ မြင်ယောင်နေမိသဖြင့် စိတ်လျော့ဖို့ ကိုယ့်ကိုကိုယ်ပြောနေသည့်ကြားကပင် တနုံ့နုံ့တွေး၍ ဒေါသထွက်နေမိပြန်သည်။ လက်နှစ်ဖက်ဖြင့် နောက်ပြန်ဂုတ်ပေါ်ဖိကိုင်ကာ ခေါင်းအား ရှေ့သို့ ငိုက်ချလိုက်သည်။ ထိုစဉ်အိမ်ရှေ့ကားစက်ရပ်သံကြောင့် သူခေါင်း ပြန်ထောင်ကြည့်လိုက်သည်။ ကားစက်ရပ်သံသည် အိမ်ရှေ့၌သာ အဆုံးသတ်သွားသဖြင့် ထုံးစံအတိုင်း ကလေးလေးသည် ကားအား ဂိုထောင်ထဲသို့ မသွင်းမှန်း သူသိလိုက်ရသည်။
"ပင်ပန်းနေပြီလား...ကိုကို့ကလေးလေး"
အိမ်ထဲဝင်လာသည့် ကလေးလေးသည် ခေါင်းယမ်းရင်းပြုံးပြသည်။ပြီးသည်နှင့် ချက်ခြင်းမျက်နှာကြီး ပြန်တည်သွားသည်။သူ့အား ကျော်ကာ လှေကားဘက်ဦးတည်သွားလိုက်သည့် ကလေးလေးကြောင့် သူလှမ်းခေါ်လိုက်သည်။