...
...
...(unicode )
တိမ်ပြာပြာတွေ တောက်ပအုပ်ဆိုင်းနေသည့် နေ့တစ်နေ့၌ဝယ် ခမ်းနားလှပစွာဖြင့် လူအများပြုံးပျော်နေကြသည်။ဘယ်တစ်ယောက်မှ ညှိုးမှိုင်းနေခြင်းမရှိ။မျက်နှာထက်ဝယ် အပြုံးပန်းကိုယ်စီ ဖြင့် ဝေဆာပွင့်ဖူးနေကြသည်။ကျယ်ဝန်းသည့် မြက်ခင်းပြင်ကျယ်ကြီးသည် လှပခမ်းနားလှသည့် အဆင်အယင် အပြင်အဆင် တို့ဖြင့် ဟီး,ဟီးထနေသည်။ကျောက်စရစ်ခဲအကြည်ရောင်များဖြင့် စီတန်းဖြောင့်ဖြူးနေသည့် လူတစ်ယောက်စာ လျှောက်လမ်းကျဉ်းလေးသည် စားပွဲဝိုင်းတို့၏အလယ်၌ ထင်ထင်ရှားရှားကြီး ဖြစ်နေသည်။ယင်းလျှောက်လမ်း ဘေးနှစ်ဖက် တစ်တောက်လျှောက်အား ပန်းလှလှလေးများဖြင့် စီချယ်ထားသည်။ထိပ်တည့်တည့်ရှိ တစ်ထစ်နင်း စင်မြင့်အားလည်း ပန်းပေါင်းရောင်စုံတို့ဖြင့် အလှဆင်ထားသည်။ထူးထူးခြားခြား စင်မြင့်အခင်းအား ဆာကူရာပန်းပွင့်ချပ်လေးများဖြင့် လှလှပပ ပုံဖော်ကာ ကျဲချထားသည်။နင်းချလိုက်ရမှာကိုပင် နှမြောမိသွားရသည့်အထိ လှပနေရသည့် ဆာကူရာပန်းပွင့်ချပ်လေးတို့သည် အစွမ်းကုန်တောက်ပကာ ထိုစင်ပေါ်သို့ ရောက်လာမည့်အရာအား သူတို့၏ အလှများဖြင့် ကြိုဆိုနေသယောင်ပင် ပေါက်နေရသည်။နောက်ခံ ပရိုဂျက်တာပေါ်ရှိ ပုံရိပ်များသည် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။ Mနှင့်S ကြား၌ အသဲနှလုံးတစ်လုံးမှ လှပစွာ နေရာယူထားလေသည်။နေရာအနှံ့၌ ဒေါက်တိုင်ဖြင့် ထောက်ထားသည့် အလှဓါတ်ပုံ မှန်ဘောင်လှလှလေးများသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။လူအများ၏ အာရုံစိုက်ခြင်း ခံရလောက်အောင်ကိုလည်း ယင်းဓါတ်ပုံလေးများက ဖမ်းစားထားလေ၏။ပြုံးနေသည့် ကောင်လေးအား ငေးကြည့်နေသည့် နောက်ကောင်လေးတစ်ယောက်၏ အကြည့်မှာလည်း ဓါတ်ပုံပေါ်၌ပင် မြင်သူတိုင်းအား ကြက်သီးတဖြန်းဖြန်း ထသွားစေလောက်သည်အထိ ချစ်ရိပ်များ ရွှန်းနေရသည်။အပေါ်ရှိ ဘယ်ညာပြေးဆွဲထားသည့် ရွှေရောင်ကြိုးတန်းများပေါ်တွင်လည်း ဓါတ်ပုံသေးသေးလေးများမှ နေရာယူထားသည်။လေအရိုက်၌ ယင်းဓါတ်ပုံ သေးသေးလေးများသည် လှုပ်ရမ်းနေရသည်။နေရာမျိုးစုံ၌ ပုံစံမျိုးစုံ၊သဏ္ဌာန်မျိုးစုံ ရိုက်ထားသည့် ယင်းဓါတ်ပုံလေးများအား မော့မကြည့်မိသည့်သူ ဟူ၍ တစ်ယောက်မျှ မရှိပေ။ယင်းတို့လှပလွန်းနေရသည့် အပြင်အဆင်တို့နှင့်အပြိုင် ရှိနေသည်က ခေါင်းဆောင်းအဖြူ၊ဝတ်စုံအဖြူဖြင့် ကြော်လှော်ချက်ပြုတ်နေကြသည့် အနောက်တိုင်းစာဖိုမှူးများစွာတို့ပင် ဖြစ်သည်။နိုင်ငံတစ်ကာမှ အတော်ဆုံးဟု ခေါ်ဆိုရမည့် စားဖိုမှူးများကိုသာ ငှားရမ်းထားသည်ဖြစ်၍ အနောက်တိုင်း၊အရှေ့တိုင်း စသည့်အစားအသောက်တို့အား မိမိကြိုက်နှစ်သက်သလောက်ယူစားရမည့် ဘူဖေးစနစ်နှင့် ဖြစ်သည်။ ကျွမ်းကျင်စွာ ချက်ပြုတ်နေသည့် လူတန်းကြီးသည် cheft ပြိုင်ပွဲနှင့်ပင် ခပ်ဆင်ဆင် တူနေရသည်။ယင်းစာဖိုမှူးကြီးများသည် ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့အား စကေး ကိုယ်စီပြ၍ မမောနိုင်မပန်းနိုင် ချက်ပြုတ် ပြသနေလေသည်။ဤအခမ်းအနားပိုင်ရှင်သည် အကောင်းဆုံးဟု ဆိုအပ်သည်များကိုသာ သေချာ ရွေးချယ်စီစစ် ပြင်ဆင်ထားမှန်း အခင်းအကျင်း အပြင်အဆင်တို့အား ကြည့်ခြင်းအားဖြင့် သိနိုင်သည်။လိုအပ်ချက်၊ပြစ်ချက် ဟုဆိုစရာ တစ်စုံတစ်ရာမျှ ရှာ၍မတွေ့ချေ။လိုအပ်ချက် မရှိစွာဖြင့် အရာရာတိုင်းသည် ပြီးပြည့်စုံနေရသည်။စားပွဲရှည်ကြီးပေါ်၌ အငွေ့တစ်ထောင်းထောင်းထနေသည့် အစားအသောက်များသည်လည်း သရေယိုစရာပင်ဖြစ်သည်။လတ်လတ်ဆတ်ဆတ်ဖြင့် စားချင်စဖွယ် အတိဖြစ်နေရသည်က မြင်တွေ့ရသူများအဖို့ ပါးစပ်တပြင်ပြင်ဖြစ်နေစေသည်အထိ ဆွဲဆောင်အား ပြင်းလွန်းလှသည်။ အသီးမျိုးစုံ၊အချိုပွဲမျိုးစုံ၊ဝိုင်မျိုးစုံ တို့ဖြင့် ခမ်းနားစွာတည်ရှိနေသည့် ဤနေရာကား M&S Group ၏ဥက္ကဌ မင်းစက်စက်ရိုင်း၏ မင်္ဂလာအခမ်းအနားကျင်းပရာ နေရာပင် ဖြစ်လေသည်။သတိုးသားဖြစ်သူ ရှင်သန်ရာနွယ်နောင်းသည် ငွေခြည်ဖောက်ထားသည့် အနောက်တိုင်းဝတ်စုံအဖြူရောင်ဖြင့် ရင်သတ်ရှုမောဖွယ် လှပကျော့ရှင်း သန့်ပြန့်နေသည်။နဂိုရှိရင်းစွဲ အလှသည် အဖြူရောင်ဝတ်စုံထက်၌ တောင်ပံခတ်နေသည်။ပျံသန်းတော့မည့် နတ်သားတစ်ပါးနှင့်မခြား။ ယင်းနတ်သားအား သေမတတ် မြင်တွေ့ချင်နေသည့် နောက်ထပ်သော အဖြူရောင်သတိုးသားဝတ်စုံအောက်မှ ကြေးနီရောင်အသားပိုင်ရှင်မှာမူ တစ်ယောက်သောသူနှင့် ရန်ဖြစ်နေသည်။