...
...
...
(unicode )
"ဟဲ့..သောက်ပလုတ်တုတ်..လန့်လိုက်တာကွာ"
သူ့ရှေ့တည့်တည့်၌ မည်သည့်အချိန်ကတည်းကနေ ရောက်နေမှန်းမသိသည့် မျက်နှာတစ်ခုလုံး ကြည့်ချင်စရာတစ်ကွက်မရှိလေအောင် ပေတူးစုတ်နေသည့် ကောင်လေး တစ်ယောက်အား ဗြန်းစားကြီး တွေ့လိုက်ရသဖြင့် သူလန့်သွားသည်။မီးတောက်နေသည့် မျက်ဝန်းတစ်စုံမှာလည်း မျက်ရည်စများ ကပ်နေသေးသည်။ပုံစံမှာ ထောင့်သိပ်မကျိုးသည့် ကလေးဆိုးတစ်ယောက်နှင့်တူ၏။ယင်းကြောင့် မှုန်ကုပ်ကုပ်ဖြင့် သူလည်း ပြန်ကြည့်၍ ပြောလိုက်သည်။
"ဘာလဲ...ဘာလာ ကြည့်နေတာလဲ၊ စိတ်ညစ်ရတဲ့အထဲ အကြွေလည်းမရှိဘူး"
"ကျွန်တော်....သူတောင်းစားမ...."
ယင်းအချိန်၌....။
"Ring!!!..Ring!!!..."
အိပ်ကပ်ထဲရှိ ကီးပတ်စ်ဖုန်းစုတ်လေး အသံထမြည်လာသောကြောင့် အိပ်ကပ်ဆီသို့ သူအာရုံရောက်သွားသည်။ အိပ်ကပ်ထဲမှ ဖုန်းအား ဆွဲထုတ်လိုက်သည်။နံပါတ်ကြည့်လိုက်တော့ အိမ်ဖုန်းနံပါတ်ဖြစ်နေသည်။ထိုအခါမှ အိမ်ကို သတိရသွားရတော့သည်။
"ဟယ်လို..."
လက်တုန်တုန်ဖြင့်ဖုန်းပြန်ဖြေလိုက်သည်။"ကိုလေး မာမီက ကိုလေးကို ဒီည ခြံပြင်မှာအိပ်တဲ့" ဆိုသည့်စံလေးအသံကြောင့် လူက နေရာတင် ပျော့ခွေချင်မိသွားရသည်။တစ်ဖက်မှ ဖုန်းချသွားသည့်တိုင် သူသည် ဖုန်းကြီးအား နား,နားကပ်၍ အသက်မဲ့နေသည်။သွားပြီ ဆိုသည့်အသိက နောက်ဆုံးတော့ သူခြံပြင်၌ အိပ်ရတော့မည်ဖြစ်သည်။လက်ထဲရှိ နာရီစုတ်ကို အားမရှိဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။ ကိုးနာရီကျော်ဆိုသည့် အချိန်ကား သူ့အား ရီပြလာသည်။
"ဟူး..."
စိတ်ရှုတ်ရှုတ်ဖြင့် လေပူတစ်လုံးကို အားပြင်းပြင်း မှုတ်ထုတ်ပစ်လိုက်သည်။ခေါင်းတစ်ခုလုံးကိုလည်း လက်ဖြင့် ထိုးဖွပစ်လိုက်မိသည်။
"ကျွန်တော်..."
ရှေ့မှ ထွက်လာသည့် အသံကြောင့် သူကြည့်လိုက်သည်။တစ်ခုခုပြောဖို့ကြံရွယ်နေသည့် ပေတူးစုတ်ကောင်လေး စကားမစခင် သူအရင် ဖြတ်ပြောလိုက်သည်။