...
...
...
(unicode )
ပြင်ပထိခိုက်ဒဏ်ရာမရှိသည့် အတွက်ကြောင့် လူနာအား အိမ်ပြန်ခေါ်သွားလို့ရပြီ ဖြစ်သည့်အကြောင်း နာ့စ်မလေးမှ သူ့အားပြောရင်း၊ သူမနောက်မှလိုက်လာခဲ့ဖို့ရန် ထပ်ပြောလာသဖြင့် ကုတင်ပေါ်ရှိ သားနောင်းလေးအား သူပွေ့ချီလိုက်ပြီး ထိုနာ့စ်မလေးနောက်သို့ လိုက်လာခဲ့သည်။ ဆေးကောင်တာသို့ အသွား ကော်ရစ်တာ ဘောင်ပေါ် လက်ထောက်တင်ကာ မျက်နှာခြင်းဆိုင် အနေအထားဖြင့် အပြန်အလှန်ပြောနေဆိုနေကြသည့် ဆရာမလေးနှစ်ယောက်၏စကားသံကြောင့် သူ့နှလုံး အခုန်ရပ်မတတ်သို့ ဖြစ်သွားရသည်။
"စောစောကရောက်လာတဲ့လူနာလင်မယားသနားပါတယ်နော်"
"အေးဆို...အမှန်ဆိုဆေးရုံပေါ်ကိုသာ အချိန်မှီရောက်လာခဲ့ရင် အသက်မှီရင်မှီဦးမှာ။ ခုတော့ သွေးထွက်လွန်ပြီး မသေသင့်ပဲသေသွားရတာ။ အမျိုးသမီးကတော့ အစကတည်းကနေ အသက်ပါမလားတော့ဘူးနေမှာ သည်ရောက်တော့ နှလုံးရှော့ရိုက်တာတောင် ဘယ်လိုမှမရတော့ဘူး...သနားပါတယ်"
"အေးနော်...ငယ်ငယ်ရွယ်ရွယ်နဲ့သနားပါတယ်ဟယ်။ ဟိုယာဉ်တိုက်မှု့နဲ့ရောက်လာကြတဲ့ လူတွေလည်း ဘာထူးလဲ။သည်တစ်နေ့တည်းကို တိုက်တိုက်ဆိုင်ဆိုင်ကြီး ရောက်လာကြတာ"
"ဟုတ်ပ..."
"ဆရာမ...အဲ့ဒီလင်မယားနှစ်ယောက်ခုဘယ်မှာလဲ"
"ရှင်!!...."
ဆရာမလေးနှစ်ယောက်သည် သူ့အား ပြိုင်တူ ကြည့်လာခဲ့သည်။
"ဆရာမတို့ စောစောကပြောနေတဲ့ သွေးထွက်လွန်ပြီးသေသွားတယ်ဆိုတဲ့လူ...အဲ့ဒီလူဘယ်အခန်းမှာလဲ"
"အော်...အဲ့ဒါလား။လူနာရှင်က တစ်ခါတည်း အလောင်းပြန်သယ်သွားမယ်ဆိုလို့ အရေးပေါ်ခန်း...."
ဆရာမလေး၏ စကားမဆုံးခင် သူ အရေးပေါ်ခန်းဘက်သို့ ပြေးလာခဲ့သည်။အရေးပေါ်ခန်းဝသို့ ရောက်သော် ပိတ်ဖြူအုပ်ထားသည့် ကုတင်ဘေး၌ တရှုံ့ရှုံ့ငိုနေသည့် ခင်မမမျိုးအား တွေ့လိုက်ရသည်။