...
...
...
(unicode )
ဖေဖေလေးသည် ရှေ့နေလူယုံအား ဘုကြည့် ကြည့်နေသည်။ရှေ့နေလူယုံသည် ထမင်းတစ်လုတ် သွင်းလိုက် ဖေဖေလေးအား မျက်ခုံးပင့်ပြလိုက်ဖြင့် အမျိုးမျိုး လုပ်ပြကာ စနေသည်။ဖေဖေလေး၏ အကြည့်စူးစူးသည် ကိုးဆယ်ဒီဂရီဖြင့် ရှေ့နေပေါ်သို့ ကျရောက်နေသည်။စက်ရိုင်းသည် ထမင်းသာ စားနေရသည် စိတ်က မဖြောင့်။ဘယ်အချိန်ထသတ်ကြမည်ကို ကြိုတင်ခန့်မှန်းမရနိုင်စွာဖြင့် ရင်ထိပ်နေရသည်။စားပွဲရှည်ကြီး၏ အလျားနှစ်ဖက် နောက်၌ နံရံနှင့် သုံးပေခြားကာ နံရံကို ကျောပေး၍ တန်းစီ ရပ်နေကြသည့် ဝန်ထမ်းမိန်းခလေးများသည်လည်း မျက်ခုံးတလှုပ်လှုပ် ဖြစ်လျက် ရှိနေကြသည်။ဖေဖေလေးနှင့် ရှေ့နေလူယုံသည် သူငယ်စဉ်ကတည်းကပင် မတည့်။သူစမှတ်မိသည့် အချိန်ကို ပြန်ပြော ပြရမည်ဆိုလျှင် ထိုအချိန်က စသည်ဟု သူထင်၏။
"ရိုင်း...ဦးဦးကိုလည်း ဖေဖေလေးလို့ ခေါ်ပါဦး"
သားရိုင်းနားသို့ တိုးရွေ့ထိုင်ကာ ပြောလိုက်လေသူကြောင့် ဝဏ္ဏ ကော်ဖီနှင့်မုန့်များ ချပေးနေသည့် ဝန်ထမ်းမိန်းခလေးအား ကူပေးနေရင်းမှ ပြန်ပြောလိုက်သည်။
"သားကို ရိုင်းလို့ မခေါ်ဖို့ ငါမင်းကို ဘယ်နှစ်ခါ ပြောထားရမလဲ"
"ခင်ဗျားလေးကျ ခေါ်ပြီးတော့"
"ငါက ရှေ့ကနေ သားလို့ ထည့်ခေါ်တယ်လေ။နောက်ပြီး ငါက မင်းထက် အကြီး။ငါ့ကို ခင်ဗျားလေးလို့ မလေးမစား မခေါ်နဲ့"
"ဘာကြီးတာလဲ"
"မင်း!!.."
ပြောင်စပ်စပ် မျက်နှာဖြင့် မျက်ခုံး တစ်ဖက် ပင့်ပြလာသူကြောင့် ဝဏ္ဏ စိတ်တိုသွားရသည်။သည်လူသည် လူကို မခန့်လေးစား အင်မတန်လုပ်သည်။တစ်ရက်ကြီးလည်း အကြီးပင် မဟုတ်လား။ယခုကား တစ်ရက်ပင် မဟုတ် ကိုးလနီးပါးမျှ ကြီးသည်ကို လူကို အငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်။ဝဏ္ဏသည် သည်လူအရိပ် မြင်ရုံဖြင့်ပင် အလိုလို ဒေါသထွက်ရသည်။သူ့အား မခံချင်အောင် အချိန်တိုင်း လိုက်စလေ့ရှိသည်။သူ့မျက်နှာတစ်ပြင်လုံး နီမြန်းကာ ဒေါသထွက်နေပုံကို ကြည့်၍ သည်လူက သဘောကျစွာဖြင့် တဟားဟား အော်ရီတတ်သည်။ ဤသည်ကို သူက မုန်းသည်။ အသားတဆက်ဆက်တုန်ကာ ဒေါသထွက်ရသည်အထိ သူမုန်းသည်။အမူအကျင့်များ သာမက လူကိုပါ ကြည့်မရ မုန်း၏။သားရိုင်းအား အလယ်ထားကာ သူနှင့် သည်လူ ရန်ဖြစ်နေသည်ကို သားရိုင်းက မျက်လုံးလေးကလယ် ကလယ်ဖြင့် လိုက်ကြည့်နေသည်။