...
...
...
(unicode)
မင်းစိုးရာဇာ ဆေးရုံစင်္ကြံလမ်းကို မပြေးရုံတမယ် ခြေလှမ်းများဖြင့် နင်းဖြတ်လျှောက်သွားနေသည်။သူ့ဖိနပ်ခွာသံက ပြင်းလျက် ရှိနေသည်။ လူတစ်ချို့ သူ့ကို လှည့်ကြည့်လာကြသည်။အရေးမစိုက်နိုင်။သူ စိုးရိမ်စိတ်များကာ ရင်ပူနေသည်သာ သိသည်။သွားရင်းဖြင့် ဆံပင်ထဲ အကြိမ်ကြိမ် လက်ထိုး ထည့်နေမိသည်။ခြေလှမ်းက မြန်သထက် ပိုမြန်လာသည်။
"ကိုကို မိုက်သတိလစ်ပြီး ဆေးရုံရောက်နေတယ်။အဲ့ဒါ မြန်မြန်လာခဲ့"
ကလေးလေး၏ ဖုန်းကို လက်ခံရရှိခြင်းက သူကို ဆေးရုံသို့ အလောလာစေခဲ့ခြင်း၏ အကြောင်းပြချက် ဖြစ်လေသည်။ မိုက်...။ မိုက် ဘာဖြစ်သည် ဆိုသည့် အကြောင်းအရင်းကို မသိရသေးသည် ဖြစ်၍ စိတ်မှာ ငြိမ်ငြိမ်မထားနိုင် ဖြစ်နေရသည်။သူ့ခြေလှမ်းတို့သည် တစ်လှမ်းနှင့် တစ်လှမ်း အကွာကြီး ကွာဝေးလျက် ရှိနေသည်။သူ့ခြေတံရှည်တို့သည် သည်နေ့မှ အသုံးမကျဟု သူထင်မြင်နေမိသည်။ဆေးရုံလမ်းတစ်လျှောက်၌ ရှိနေသည့် မည်သည့်အရာကိုမျှ သူလှည့်မကြည့်အားနိုင်။ကလေးလေးပြောသည့် အခန်းနံပါတ်ရှေ့သို့ သူ ရောက်လာခဲ့သည်။တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။
"ဘော့စ်..."
အခန်းထဲ သူဝင်လိုက်သည်နှင့် ကုတင်ထက် ကိုယ်တစ်ပိုင်း ထထိုင်နေသည့် မိုက်က သူ့ကို ဆီးခေါ်သည်။
"ဘယ်လိုဖြစ်..."
သူ့စကားပင် ဆုံးအောင် မမေးလိုက်ရ။ကလေးလေးသည် သူ့အား အခန်းပြင်သို့ ဆွဲခေါ်သွားသည်။သူက မိုက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့သည်။အပြင်သို့ ရောက်သည်နှင့် ကလေးလေးက သူ့အား မိုက်နှင့်ပတ်သတ်၍ ဖြစ်ကြောင်းကုန်စင်ကို ပြောပြသည်။ ကလေးလေး ပြောပြချက်များသည် မိကျောင်းမင်း ရေခင်းပြသကဲ့သို့ အရစ်ရှည်လွန်းနေရသည်။အစမှ အလယ်။အလယ်မှ အဆုံး။မပြီးဆုံးနိုင်သည့် ပြဇာတ် တစ်ပုဒ်နှယ်။သည်နောက် အခန်းထဲသို့ သူတို့ ပြန်ဝင်လာခဲ့ကြသည်။အခန်းထဲရောက်လျှင် ရောက်ခြင်း ကုတင်နားသို့ သူ သွားလိုက်သည်။