...
...
...
(unicode )
"လာတက်လေ..ကိုကို။ဘာဖြစ်လို့ မတက်ပဲ ရပ်ကြည့်နေတာလဲ။မနေ့ကတောင် တစ်ရွာလုံးအနှံ့ စီးခဲ့ပြီးပြီဟာကို ။သည်နေ့မှ ဘာဖြစ်နေတာ။ နောက်က လိုက်စီးရတာ ဇိမ်ရှိတယ်မလား။လာ...မြန်မြန်တက်..."
မိုက် စက်ဘီးနောက်ခုံကို လက်ဖြင့် ပုပ်ပြနေသည့် လှိုင်းကလေးကို တစ်လှည့် နောက်ဖင်ထိုင်ခုံကို တစ်လှည့် ကြည့်ကာ တံတွေးပင် မျိုမချရဲ။ မနေ့က ရွာထဲ လိုက်ပြမည် ဆိုကာ မိုးမလင်းကြက်မတွန် သူ့အား နိုး၍ စက်ဘီးပေါ်တင်ကာ ခေါ်သွားလေသည်။ဘေးတစ်စောင်းစီးလျှင် မိန်းမဆန်သည်ဆိုကာ ရှည်၍ သူ ခွထိုင်မိသွားသည်။စက်ဘီးကား ရှေ့ခေတ်ဘီးဖြစ်သည်ကြောင့် နောက်ခုံသည် ဖော့ခံမပါသည့် သံခုံ အမျိုးအစား ဖြစ်လေသည်။ယခု သူသည် ထိုနောက်ခုံကို ရဲရဲပင် မကြည့်ရဲလေတော့။ရွာလမ်းသည် ကျောက်ခဲလမ်း ဖြစ်သည်က တစ်ကြောင်း အလင်းမလာသေးသည့် ဝေလီဝေလင်းချိန် ဖြစ်သည်က တစ်ကြောင်းတို့ အပြင်ကို ရွာလမ်းမ တစ်လျှောက်အား မမြင်မစမ်းဖြင့် ချိုင့်ခွက်ပျောက် နင်းသွားလေသည့် လှိုင်းကလေးကြောင့် သူ၏ မွေးရာပါ ရတနာလေးနှစ်လုံးသည် စိစိညက်ညက် မကျေသွားရုံ တစ်မယ်ဖြင့် ခေါ်ဆောင်ရာ နောက်သို့ ပါသွားခဲ့ရလေသည်။
ထိုအခြေအနေမျိုးနှင့် စက်ဘီးအား သည်နေ့ ထပ်ပြန်စီး ရမည် ဆိုလျှင် မနေ့က မကျေခဲ့ရသည့် သူ၏ ရတနာလေးနှစ်လုံးသည် သည်နေ့၌ အမှန်တစ်ကယ် ကျေပေလိမ့်မည်။မကျေ ဟူ၍လည်း မည်သူကမျှ အာမခံချက် ပေးနိုင်မည် မထင်။ရာနှုန်းပြည့်ကို ကျေလိမ့်မည်။ ရတနာ နှစ်လုံးသည် အတွေးနှင့်ပင် အတွင်းသို့ ကျုံ့ဝင်သွားရသည်။မည်သို့ ငြင်းရမည်နည်း။စက်ဘီးကို မှတ်တပ်ခွကာ နောက်ခုံပေါ် တက်ထိုင်ရန် မျက်ရိပ် မျက်ကဲ ပြနေသည့် လှိုင်းကလေးကြောင့် သူ့မှာ ငြင်းဆန်ရန် အင်အား မရှိဖြစ်နေရသည်။သူသည် လှိုင်းကလေးနှင့် ပတ်သတ်လာလျှင် အထက်အရာရှိ၏ အမိန့်အောက်၌ နေသားကျနေရသည့် စစ်သားလေး တစ်ယောက်နှယ်။အခြေအနေပေါ်လိုက်၍ မထူးဇာတ် ခင်းလိုက်ရအောင်ကလည်း သူ့ရတနာနှစ်လုံးကား ကျောက်ခဲ သလဲ မဟုတ်ပေတော့ ခက်သား။သည်တော့ ဉာဏ်ဆင်ရသည်။