...
...
...
(unicode )
တဒင်္ဂမှိုင်း အခန်းတွင်းသို့ ဝင်လိုက်စဉ် ကိုကိုတစ်ယောက်သည် ကုတင်ပေါ်၌ ခြေဆင်းကာ ပေါင်ပေါ်လက်တော့ပ်တစ်လုံး တင်၍ ကုတင်ခေါင်းရင်းအကာအား ကျောမှီ၍ အလုပ်လုပ်နေသည်ကို သူမြင်တွေ့လိုက်ရသည်။နဘေးရှိ စားပွဲပေါ်တွင် မငွေ့မသေသေးသည့် ကော်ဖီခွက်တစ်ခွက်လည်း ရှိနေလေသည်။ပန်းအိုးမှာမူ ကိုကိုလက်ချက်ဖြင့် ပန်းများဝေဝေဆာဆာဖြင့် လှပနေရသည်။လိုက်ကာသည် ပြတင်းပေါက်မှန်အား ပိတ်ထားလေပြီ ဖြစ်သည်။ကိုကိုသည် ညရောက်သည်နှင့် လိုက်ကာများ ချတတ်သည့် အကျင့်ရှိလေသည်။ယင်းကြောင့် ပြတင်းပေါက်နောက်ရှိ ပန်းအိုးများကို သူ မြင်တွေ့ရခြင်း မရှိတော့ပေ။ခြေရင်း၌ရှိနေသည့် တီဗီမှ ပြထားသည့် သိပ္ပံကားတစ်ကားကြောင့် သူဝင်လာသည်နှင့်တန်းကြည့်ရလေအောင် ကိုကိုမှ ကြိုဖွင့်ပေးထားလေဟန် တူသည်။အခန်းထောင့်ရှိ ပန်းအိုးမှ အရွက်ဖားဖားများကြား ပျောက်နေသည့် ပန်းပွင့်မှလာသည့် ပန်းရနံ့သည် တစ်ခန်းလုံးအား မွှေးပျံ့နေစေသည်။ဤသည်ကား အခန်းတွင်းသို့ သူဝင်လာချိန်တိုင်း၌ သူစိတ်အား အပန်းပြေစေရန် ရည်ရွယ်၍ ကိုကိုမှ စိုက်ထားပေးခြင်းဖြစ်လေသည်။သူကြည့်နေစဉ်မှာပင် ကိုကိုသည် ကော်ဖီအား တစ်ငုံ ယူသောက်လိုက်သည်။နောက် စားပွဲပေါ်ပြန်တင်၍ အလုပ်အား ပြန်ဆက်လုပ်နေလေသည်။ သူအသာလေး ခြေဖော့လျှောက်ကာ ကုတင်နားသို့ တိုးကပ်သွားလိုက်သည်။ကိုကိုသည် သူကုတင်နားရောက်လာရသည့်တိုင် သူ့အား သတိပြုမိခြင်း မရှိသေးပေ။လက်တော့ပ်၌သာ အာရုံရှိနေသည်။
"ကိုကို"
"အွန်း...."
ကုတင်ခြေရင်းမှ နေ၍ သူ ကိုကိုအား ခေါ်လိုက်ပေမဲ့ မကြည့်ခြင်းဖြင့်သာ သံရှည်ဆွဲ၍ ထူးလာသည်။ သူခေါ်လျှင် "ဗျာ"ဟု ထူးရန် ကိုကို့အား သင်ပေးထားပေမဲ့ ကိုကိုသည် သူခေါ်တိုင်း အွန်း ဟု သာ ပြန်ထူးတတ်သည်။ သူကုတင်ခြေရင်း၌ လေးဘက်ထာက်ချလိုက်ကာ ကုတင်ပေါ်မေးတင်၍ ကိုကိုအား ထပ်ခေါ်လိုက်ပြန်သည်။