...
...
...
(unicode )
လရောင်သည် ညအလှကို အေးချမ်း၍ နေစေသလောက် လမ်းမပေါ်ရှိ ကားမီးရောင်များမှာတော့ ည၏အလှကို ပူလောင်နေစေသည်။ ဆူညံနေသည့် လမ်းမထက်ရှိ မြင်ကွင်းသည် ခေါင်းနောက်စရာကောင်းလောက်အောင်ကိုရှုတ်ယှက်ခတ်နေသည်။ ည ရှစ်နာရီဆိုသည့်အချိန်ကား စောနေစေသေးသည်ဆိုပေမဲ့ စေတန်၏အမှောင်ရိပ်တို့ကား အားကောင်းလှစွာဖြင့်လောကကြီးအား အပိုင်စားအုပ်မိုးထားလေသည်။ လမ်းသွယ်တစ်ခုရှိ လမ်းဘေး၌ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေသည့် လူငယ်လေးတစ်ဦးသည် နာရီအားတကြည့်ကြည့်ဖြစ်နေသည်။ ထိုလူငယ်လေးသည် ည ခုနှစ်နာရီလောက်ကတည်းကနေပင် ဤနေရာ၌ လမ်းလျှောက်လိုက် ၊ ရပ်စောင့်လိုက် လုပ်ခြင်းဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေဟန်ရှိသည်။ သူ၏မျက်နှာသည်လည်း အချိန်တဖြေးဖြေးကုန်လာသည်နှင့်အမျှ တွန့်ချိုးကာ အလိုမကျဟန်၊စိတ်မရှည်ဟန်တို့ အထင်သားပေါ်လွင်လာရသည်။ အလင်းရောင်ကောင်းစွာ မရသည့် လမ်းသွယ်တစ်ခုဖြစ်သည်ကြောင့် ထိုလူငယ်လေး၏မျက်နှာအား ဝိုးတဝါးသာမြင်တွေ့ရသည်။အရပ်သည် မြင့်မားကာ ကိုယ်ထည်သည် တောင့်၏။ ယင်းလောက်သာ သတိထားမိစရာအဖြစ် တွေ့မြင်ရသည်။ခွေးတစ်ကောင်သည် ဟိုနမ်း သည်နမ်း ဖြင့် ထိုလူငယ်လေး ရှိရာလမ်းသွယ်လေးတွင်းသို့ ဝင်လာသည်။အိမ်တစ်အိမ်၏ အုတ်တံတိုင်းနံရံပေါ်သို့ ခြေတစ်ဖက်မြောက်ကားကာ သေးပန်းလိုက်ပြီးသည့်နောက် အရှေ့အနောက် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေသည့် လူငယ်အား ထူးဆန်းသလို တစ်ချက်စွေကြည့်လိုက်ပြီးသည့်နောက်တွင် အရှေ့ဘက်သို့ ပြေးထွက်သွားသည်။သိပ်မကြာသည့်အချိန်တစ်ခု၌ ကျောပေးလမ်းလျှောက်နေသည့် ထိုလူငယ်လေးနားသို့ လူတစ်ယောက်ချည်းကပ်လာ၏။ ချည်းကပ်လာသည့်လူပုံစံမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး လူမိုက်တစ်ယောက်နှင့်ပင် ခပ်ဆင်ဆင်တူသည်။ခပ်ဆင်ဆင်ဆိုသည်ထက် လူမိုက်တစ်ယောက်ဖြစ်နိုင်သည်ဟုပင် အတပ်ပြောနိုင်သည်ထိ ဆင်တူလှသည်။ဦးထုပ်ဆောင်းထားသည့်အတွက်ကြောင့် မျက်နှာကို သေချာမမြင်တွေ့ရပေ။လက်အိပ်အနက်ရောင်ကိုပါ ဝတ်ဆင်ထားသေး၏။ထိုလူသည် ကျောပေးထားသည့် လူငယ်နောက်တည့်တည့်သို့ ရပ်ကာ စကားပြောလိုက်သည်။