...
...
...
(unicode )
"အဖေရာ..အရက်ဖိုးလည်း ပုံမှန်ပေးနေတာကို ဘာလို့ ကျွန်တော် တွန်းလှည်းလေးကို ပေါင်လိုက်ရတာလဲဗျာ။ကျွန်တော်မှာ သည်တွန်းလှည်းဖိုးလေးတောင် ကျေသေးတာ မဟုတ်ဘူး။ပြန်သွားရွေးစရာ ပိုက်ဆံလည်း ကျွန်တော်မှာ မရှိဘူး။ ကိုပါကြီးကို ညနေဆက်ဆက် ပိုက်ဆံလာပေးပါ့မယ်ဆိုပြီး မနည်း ရှီခိုး မတတ်တောင်းပန်ပြီး ပြန်ယူထားရတာကို သိရက်နဲ့"
အဖေသည် ငိုက်စိုက်ကျနေသည့် ခေါင်းအား မနည်းမှတ်အောင် ထောင်ရင်း သူ့အား ပြောသည်။
"ဟေ့ကောင်လေးရ...ငါက မင်းတွန်းလှည်းကို ပေါင်ချင်လွန်းလို့ ပေါင်လိုက်တယ်များထင်နေတာလား..ဟမ်..။တစ်ကယ်တော့ ငါ မင်းတွန်းလှည်းလေးကို မပေါင်ချင်ဘူးကွ။ဟွန့်...မင်းတွန်းလှည်း...မင်းတွန်းလှည်းကို ငါ သောက်မြင်ကပ်လွန်းလို့ကို တမင်ပေါင်လိုက်တာ"
အဖေသည် သူပြန်ယူလာသည့် တွန်းလှည်းအား လက်ညှိုးထိုးကာ ပြောပြီးသည်နှင့် လက်ထဲရှိ အရက်ပုလင်းအား မော့သောက်လိုက်သည်။ အငမ်းမရသောက်နေခြင်းကြောင့် ပါးစောင်းမှ အရက်များ လည်ပင်းတစ်လျှောက် စီးကျလာသည်။ မျက်နှာမဲ့ကာ ဇွန်းမှ ဆားအား တစ်တို့ တို့မြည်းလိုက်သည်။
"အမြင်ကပ်ရအောင် ကျွန်တော် တွန်းလှည်းက အဖေကို ဘာလုပ်နေလို့လဲဗျာ"
အဖေသည် ကြမ်းပြင်ပေါ်ရှိ အရက်ပုလင်းအား လက်နှစ်ဖက်ဖြင့် အားပြုကိုင်ထားရင်း ကြမ်းပြင်ထိမတတ် ခေါင်းစိုက်ကျနေသည်။အာလေး လျှာလေးသံဖြင့် သူ့အား မကြည့်ပဲ လက်တစ်ကာကာဖြင့် ပြန်ပြောသည်။
"ဟ...မင်းမသိလို့။အေ့..ည,ညဆို ဒီကောင် ဂျိုကြွပြီ။သူ့ကြောင့်..သူ့ကြောင့် ငါက အရက်နပ်မှန်နေရတာပါဆိုပြီး ငါ့ကို ညတိုင်း လှောင်ပြောင်နေတာ။ဒါကို မင်းမှ မသိပဲ။ငါ့မှာ ညဆို မင်းတွန်းလှည်းကြောင့် တရေးမှ ကောင်းကောင်း မအိပ်ရဘူးကွ..အဲ့ဒါတွေ မင်းသိလား။ ဒီကောင် လှောင်ရယ်သံကြီးကြောင့် ..သေမ လိုလို ညတိုင်းရယ်နေတဲ့ ရယ်သံကြီးကြောင့်။အေ့..ဒါကြောင့် ငါသွားပေါင်လိုက်တာ။ဘာဖြစ်လဲ။ ပြီးတော့ မင်းက ဘာလို့ ပြန်သွားရွေးလာတာလဲ။ပစ်ထားလိုက်..ဒါမှ ဒီကောင် မှတ်မှာ"