...
...
...
(unicode)
မြတ်သောနွယ်စိတ်တွေမတည်မငြိမ်ဖြစ်လာသည်။သူမဘုန်းကြီးကျောင်းရောက်ပြီးသိပ်မကြာခင်တွင်တရားစနာသည်။အကိုပြန်ရောက်လာနိုး,ရောက်လာနိုးဖြင့်သူမစောင့်နေပေမဲ့အကိုသည်တရားနာပြီးငါးမိနစ်ထိရှိသည့်တိုင်ကိုရောက်မလာသေးပေ။ယင်းကြောင့်သူမစိတ်နဲ့ထပ်တူခန္ဒာကိုယ်ပါလှုပ်ရှားစပြုလာသည်။နာတာနာနေရတာရှေ့ကတရားကိုလည်းသူမအာရုံမထားနိုင်တော့ပေ။ခဲဆွဲထားသကဲ့သို့လေးလံနေရသည့်သူမစိတ်ကြောင့်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ထို့ကြောင့်နဘေးရှိတရားနာနေသည့်ကိုမှတ်ကြီးအားတီးတိုးကပ်ပြောလိုက်သည်။
"ကိုမှတ်ကြီး။အနွယ်...အကိုနောက်လိုက်သွားလိုက်ဦးမယ်။ရှာမတွေ့လို့များလားမသိဘူး။အရမ်းကြာနေပြီ။အနွယ်မြန်မြန်သွားပြီးမြန်မြန်ပြန်လာခဲ့မယ်။သားနဲ့သမီးကြီးကိုကြည့်ထားပေးပါဦး"
အိပ်ပျော်နေသည့်သားအားသူမတစ်ချက်ကြည့်ရင်းပြောလိုက်သည်။သမီးကြီးမှာလက်အုပ်လေးချီကာငြိမ်ငြိမ်လေးထိုင်နေသည်။သားသည်သူမမနက်အစောကြီးထချိန်တွင်လိုက်ထထားသဖြင့်ဘုန်းကြီးကျောင်းရောက်သည်နှင့်သူမပေါ်တက်ထိုင်ကာအိပ်ပျော်သွားလေတော့သည်။ထို့ကြောင့်နောက်ဆုံးတန်း၌သာသူမတို့တရားနာနေရသည်။ကွေးကွေးလေးအိပ်ပျော်နေသည့်ကြမ်းပြင်ပေါ်ရှိသားဆံပင်လေးအားတစ်ချက်ပွတ်သပ်ပေးလိုက်သည်။
"အေး..အေး....သွားသွား။ကလေးနှစ်ယောက်ကိုစိတ်မပူနဲ့။ညဉ်းသာမြန်မြန်ပြန်လာ။သားနောင်းလေးကသိတဲ့အတိုင်းအနားမှာဖအေရှိရင်ရှိ၊မရှိရင်မအေရှိနေမှ...မဟုတ်ရင်ငိုနေပြန်ဦးမယ်"
"ဟုတ်ကဲ့...ဒါဆိုအနွယ်သွားလိုက်ဦးမယ်နော်"
"အေးအေး....."
သူမထရပ်လိုက်ချိန်တွင်တစ်ချိန်လုံးငြိမ်နေသည့်သမီးကြီးမှာမော့ကြည့်လာသည်။သူမပြုံးပြလိုက်ပြီးဆံပင်လေးတို့အားသပ်တင်ပေးလိုက်သည်။သူမအသာထ၍လှေကားနားသို့သွားလိုက်သည်။လှေကားပေါ်မှနေ၍အောက်သို့ဆင်းကာသူမဖိနပ်စီးလိုက်သည်။သူမအိမ်နှင့်ဘုန်းကြီးကျောင်းသည်တစ်လမ်းသာခြားသည်။ဘုန်းကြီးကျောင်းနောက်ဘက်ခြမ်းကျသည့်သူမအိမ်သို့သွားရန်ကျောင်းဝင်းပြင်ကိုသူမထွက်လာခဲ့သည်။မနက်ကိုးခွဲ,ဆယ်နာရီဆိုသည့်အချိန်၏နေရောင်သည်တော်တော်တန်တန်ကိုပြင်းနေပြီဖြစ်သည်။လမ်းမထက်တွင်လည်းကားပေါင်းများစွာဖြင့်ရှုတ်နေလေပြီဖြစ်သည်။ဘုန်းကြီးကျောင်းအုတ်တံတိုင်းနားကပ်၍သူမလမ်းအားလျှောက်သည်။လမ်းပြောင်းပြန်ဖြစ်နေပေမဲ့၊ရှေ့လမ်းကွေ့ရောက်လျှင်ချိုးရမှာဖြစ်သည့်အတွက်ကြောင့်သူမညာဘက်လမ်းသို့ကူးမတော့ချေ။မျက်နှာချင်းဆိုင်လာနေကြသည့်ကား၊ဆိုင်ကယ်တို့အားရှောင်နိုင်ဖို့ရန်အတွက်သူမအုတ်တံတားနားကပ်နိုင်သမျှတိုးကပ်ထားလိုက်သည်။