...
...
...
(unicode )
မင်းစိုးရာဇာ အခန်းထဲဝင်လိုက်သည်နှင့် ပထမဆုံး ခံစားမိလိုက်သည်က ပူလွန်းလှသည့် လေငွေ့ကို ဖြစ်သည်။heaterမှ လာသည့် လေငွေ့ပူပူက လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသည့် သူ့အပေါ်ပိုင်း ဗလာအသားပေါ်ကို ပြင်းပြင်း လာထိသည်။ကလေးလေးသည် ကုတင် ခေါင်းရင်း အကာကို ကျောမှီ၍ ခြေဆင်းကာ ထိုင်နေသည်။အာလူးကြော် စားရင်း ခြေရင်းက တီဗွီကို မျက်တောင် မခတ် ကြည့်နေသည်။အာလူးကြော်ထုတ်ကို အသံမြည်အောင် တစ်လှုပ်လှုပ် ခါလိုက်သေးသည်။စောင်ကို ခါးထိ ခြုံထားသလို အပန်းရောင် အနွေးဝမ်းဆက် ထူထူကြီးကလည်း ကိုယ်ပေါ်ကပ်လျက် ရှိနေသည်။နားရွက်တစ်ထောင်ထောင် ဖြစ်နေသည့် အင်္ကျီနှင့် တစ်ဆက်တည်းပါလာသည့် ယုန်ဦးထုတ်ကို မျက်စိဖုံးလုနီးပါး ဆောင်းထားသည်။တစ်လောကလုံး၌ သူ့ကလေးလေး တစ်ယောက်သာ ကွက်၍ အအေးလွန်နေရသည်။အသက်ကြီးသည့် ဖွားဖွားပင် အင်္ကျီပါးနှင့် ရပ်ကွက်အနှံ့ ဆယ်ပတ်မက ပတ်ပြီး နေပြီ။သူ့ကလေးလေးကတော့ဖြင့် ခုချိန်ထိ အနွေးဝမ်းဆက်ဝတ်၍ စောင်ပုံထဲ အေးခဲကောင်းနေတုန်း။ ရေသောက်ရင်း ကလေးလေးကို ကြည့်၍ သူ ပြောလိုက်သည်။
"ဟိတ်ကောင် မင်းရေထချိုးသင့်နေပြီလို့ မထင်ဘူးလား"
"မထင်ပါဘူး"
သူ့ကို မကြည့် ပြန်ဖြေသည်။
"ဟိတ်ကောင်!!!..."
သူ့အော်သံကြောင့် မျက်လုံးလေး တစ်ချက် စွေကြည့်လာသည်။
"ဟုတ်တယ်လေ။ကိုကိုက သည်မြို့သားဆိုတော့ ပြောအား ရှိတာပေါ့။ကျွန်တော်ဖြင့် ခုမှ သည်ကို ပထမဆုံး ရောက်ဖူးတာကို။ပြီးတော့ ကိုကိုတို့မြို့က အေးလိုက်တာဆိုတာ ကျွန်တော် ဂွေးစိလေးတောင် Heater ပေးထားရက်နဲ့ ပျောက်နေပြီ"
အာလူးကြော် ဝါးရင်း စကားကို ဘာမဟုတ်သလို အေးဆေးပြန်ပြောနေသည့် ကလေးလေးကို သူအသဲတယားယားဖြစ်နေမိသည်။သည်ရောက်ပြီး နောက်တစ်ရက်ကိုပဲ ရေချိုးသည်။ကျန်သည့် ရက်တွေ၌ ရေလုံးလုံး မချိုးတော့။သူ အာပေါက်အောင်ပြောလည်း တစ်ချက် ဂရုမစိုက်။သည်နေ့နှင့်ဆို ကလေးလေးရေမချိုးဘဲ နေနေသည်မှာ တစ်ပတ်ပြည့်တော့မည် ဖြစ်သည်။ရေတာမချိုးတာ ဆံပင်ကိုတော့ ကေအပျက်မခံ။တစ်ရက်ခြားတစ်ခါ ဆေးဖြန်း၍ အခြောက်လျှော်သည်။ခြေလက်မျက်နှာဆေးဖို့ကိုလည်း မနည်းပြောယူရသည်။အအေးကြိုက်ပါသည် ဆိုသည့် တစ်ချိန်က တဒင်္ဂမှိုင်းကို မှန်ဘီလူးဖြင့် လိုက်ရှာရတော့မည်။ပုခုံးပေါ်က ချွေးသုတ်တဘက်ကို ချိုင်းအောက် သုတ်လိုက်ပြီး အိပ်ယာပေါ်က ကလေးလေး မျက်နှာတည့်တည့်ဆီကို ပစ်ပေါက်ပေးလိုက်သည်။