...
...
...
(unicode )
တဒင်္ဂမှိုင်း ရေချိုးခန်းမှ ထွက်လာသည့်အချိန်တွင် ကိုကိုသည် အိပ်ခန်းတွင် ရှိမနေတော့ပေ။ဒင်နာပွဲ ရှိနေသေးသည့် အတွက်ကြောင့် မင်္ဂလာပွဲမှ အိမ်သို့ ပြန်ရောက်သည်နှင့် ကိုကိုအား အရင်ဆုံး သူရေချိုးပေးလိုက်သည်။ရေချိုးပေးနေစဉ်အတွင်း၌ ကိုကိုသည် ကလေးတစ်ယောက်ကဲ့သို့ ပြောရခက်လှသည်။ဒဏ်ရာကို ရေထိမိမည် ဆိုး၍ သူကိုယ်တိုင်ရေချိုးပေးသည်ကို ကလေးများလို ဂဂျီးဂဂျောင် ကျနေသည်။ ရေချိုးပေးပြီးသည်နှင့် လွန်ခဲ့သည့် လကတည်းကနေ သူ ဝယ်ထားပြီး ထုတ်မပေးဖြစ်သေးသည့် ဘောင်းဘီအသစ်အား ထုတ်၍ ဝတ်ပေး လိုက်သည်။သူ ရေချိုးခန်းထဲသို့ မဝင်မီ"လျှောက်မသွားနဲ့နော်ကိုကို"..ဟု သေချာမှာထားလျက်နှင့် သူပြန်ထွက်လာချိန်၌ ကိုကိုတစ်ယောက် အခန်းထဲ ရှိမနေတော့ပေ။ ဘယ်ရောက်သွားသည်မသိ။အောက်ထပ်မှာများလားဟု တွေးရင်း ခေါင်းအား ရေစင်အောင် သူ ဆက်သုတ်နေလိုက်သည်။ ခေါင်း ရေခြောက် သွားသည်နှင့် အဝတ်များ ဝတ်ကာ မျက်နှာအား တိုနာတစ်ချက် ပွတ်၍ အောက်ထပ်သို့ သူ ဆင်းလာခဲ့သည်။အောက်ထပ်၌လည်း ကိုကိုအား မတွေ့သဖြင့် အပြင်သို့ သူဆက်ထွက်လာခဲ့သည်။အိမ်ပြင်ရောက်သည်နှင့် မြင်နေရသည့် မြစ်ပြင်ကြီးအား ခါးထောက်၍ အတော်ကြာသည်အထိ ရပ်ကြည့်နေမိသည်။နေလုံးသည် မြစ်နှင့် ထိလု နီးပါး ဖြစ်နေရပြီး အမြင်အားဖြင့် တစ်ထောင်လောက်သာ ကွာတော့သည်။ဘေးတစ်ဖက်သို့ သူလှည့်ကြည့်လိုက်ချိန် ပါတီတွက် ပြင်ဆင်နေကြသည့် မိုက်တို့ အဖွဲ့အား တွေ့လိုက်ရသည်။ပါတီပွဲသည် မြစ်မြင်ကွင်းအား အသားပေး ပြင်ဆင်နေခြင်း ဖြစ်သည့်အတွက် မြစ်ကမ်းပါးနှင့် ပေအနည်းငယ်သာ ကွာဝေးသည်။သူ ထိုအနားသို့ သွားလိုက်သည်။ အနားရောက်သော် ညမီးသီးများ ဆင်နေသည့် မိုက်အား မေးလိုက်သည်။
"မိုက်...ကိုကိုရော"
သူ့အသံကြောင့် မိုက် မီးသီးဆင်နေရာမှ ငုံ့ကြည့်လာသည်။
"ဟင်...။ဘော့စ်က ကိုတဒင်္ဂမှိုင်းနဲ့ရှိနေတာမဟုတ်ဘူးလား"
"အစကဟုတ်တယ်။ရေချိုးပေးပြီးတော့ ပျောက်သွားလို့။အဲဒါ သည်ဘက်များလာခဲ့သလားလို့။လာမေးကြည့်တာ"