...
...
...
(unicode )
ကြမ်းခင်းပြင်ပေါ်တွင်အိပ်ပျော်နေသည့် ကလေးငယ်လေးသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ နဘေးရှိ လက်အုပ်လေးချီကာ၊ ငြိမ်ငြိမ်သက်သက်လေး တရားနာနေသည့် ကလေးမလေးသည် ထိုလှုပ်လှုပ်ရွရွဖြစ်လာသည့် ကလေးလေးအား ငုံ့ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ ကလေးငယ်လေးသည် ငုတ်တုတ်ထထိုင်လာခဲ့ပြီး နဘေးရှိ ကလေးမလေးအား မော့ကြည့်သည်။အရင်ဆုံး မျက်လုံးနှစ်ဖက်အား လက်ခုံဖြင့် တစ်ချက်ပွတ်လိုက်ပြီးသည့်နောက်မှာမှ၊ ပတ်ဝန်းကျင်ပတ်ပတ်လည်အား စူးစမ်းသလို လိုက်လံကြည့်လေတော့သည်။ တစ်စုံတစ်ရာအား အရှာပြုနေဟန် ပေါက်နေရသည့် ထိုကလေးငယ်လေး၏ အကြည့်တို့တွင် သူရှာဖွေနေသည့်အရာအား တွေ့ရှိပုံမပေါ်၊ယင်းကြောင့်မျက်ရည်များဝိုင်းလာခဲ့ပြီး မျက်နှာလေးသည်ငိုမဲ့မဲ့လေးဖြစ်လာရလေသည်။
"ဟင့်...မေကြီး၊ဟင့်...ဖေကြီး...."
"မမကြီးရှိတယ်လေ...နောင်းလေး....မမကြီးရှိတယ်"
ကလေးမလေးမှ ထိုသို့ပြောလိုက်ပေမဲ့ ကလေးငယ်လေး၏ မျက်နှာသည် ငိုမဲ့မဲ့ ဖြစ်နေမြဲသာ ဖြစ်နေသည်။ ကလေးမလေးသည် ကိုယ်အားကိုင်းကာ ကလေးငယ်လေးနားထဲသို့ တစ်စုံတစ်ခု တီးတိုးကပ်ပြောလိုက်သည်။ ကလေးငယ်လေး၏ မျက်နှာသည် မဲ့သထက်မဲ့လာရပြီးနောက်တွင် မျက်ရည်ပေါက်ကြီးများ ပါးပြင်ပေါ်သို့ တစ်လိမ့်ခြင်းလိမ့်ကာ ကျဆင်းလာလေသည်။ ကလေးမလေးသည် ယင်းကလေးငယ်လေး၏ မျက်ရည်များအား မြင်၍ ဘာလုပ်ရမှန်းမသိသည့် ပုံစံသို့ ဖြစ်သွားရလေသည်။ယင်းနောက်တွင် သူမပါ ငိုမဲ့မဲ့မျက်နှာမျိုး ဖြစ်လာခဲ့သည်။ ကလေးငယ်လေးသည် ထရပ်လိုက်ပြီး လှေကားဆီသို့ ပြေးသွားလေသည်။ယင်းကလေးငယ်လေး ထပြေးရာနောက်သို့ ကလေးမလေးကပါ ထ၍ပြေးလိုက်သွားသည်။ယင်းအဖြစ်အပျက်အား နောက်တန်း၌ တရားနာနေကြသည့် လူများမှ မျက်လုံးတစ်ချက်စွေကြည့်လိုက်ကြပြီးသည့်နောက်တွင် ၊ရှေ့ရှိတရားကိုသာ ပြန်အာရုံစိုက်သွားကြလေသည်။