...
...
...
(unicode )
ကြီးမားလှသည့် ဟိုတယ်တစ်ခုပေါ်တွင် မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပနေသည်။ပုံမှန်ဆို ယင်းဟိုတယ်သည် မင်္ဂလာပွဲအခမ်းအနားများကို လက်ခံ ပြုလုပ်လေ့မရှိပေ။အကြောင်းမှာ ဟိုတယ်သည် မင်္ဂလာပွဲအခမ်းအနားများကို လက်ခံလေ့မရှိသည့် ဟိုတယ်တစ်ခု ဖြစ်နေလေသောကြောင့် ဖြစ်သည်။ထိုသို့သောဟိုတယ်မျိုးမှ ယခုအခါ၌ ထူးထူးခြားခြား မင်္ဂလာ အခမ်းအနားပွဲ တစ်ခုကို လက်ခံ ကျင်းပနေလေသည်။ဘာကြောင့်နည်း။
အတွင်းပိုင်းရှိ ခန်းမကျယ်ကြီးတွင် စားပွဲဝိုင်းများစွာတို့ကို ခင်းကျင်း ပြင်ဆင် ထားသည်။ ခုံအစွပ်များနှင့်အခင်းများကို အဖြူရောင်တစ်မျိုးတည်းသာ အသုံးပြုထားသည်။စားပွဲဝိုင်းပေါ်တွင် နာမည်ကဒ်များစွာအား စီတန်း တင်ထားသည်။ယင်းခန်းမကျယ်ကြီး၏ အလယ်၌ အမြင့် သုံးပေခန့်ရှိသည့် လျှောက်လမ်းမတစ်ခု ရှိကာ၊ယင်းလျှောက်လမ်းမသည် ခန်းမ အလယ်ဝင်ပေါက်နှင့် မင်္ဂလာစင်မြင့်အား တံတားသဖွယ် သွယ်တန်း ပေးထားသည်။ ယင်းလျှောက်လမ်းမ၏ ဝဲယာတစ်လျှောက်သည် ပန်းများဖြင့် ဝေဝေဆာနေရသည်။အများအားဖြင့် အဖြူရောင်ပန်းများသာ ဖြစ်ကြပြီး ယင်းကြားမှ ပန်းရောင် ပန်းတစ်ချို့အား ကြိုကြားအဖြစ် ထည့်သွင်း အသုံးပြုထားသည်။လျှောက်လမ်းဘေးနှစ်ဖက်တွင်မူ စားပွဲဝိုင်းများစွာတို့မှ နေရာ အပြည့် ယူထားသည်။ ဘယ်ညာဝင်ပေါက် ရှိကာ ယင်းမှနေ၍ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် တဖွဲဖွဲ ဝင်ရောက်လာနေကြသည်။ဝင်လာသမျှ ဧည့်သည်တော်များသည် အကောင်းဆုံး၊ အသစ်လွင်ဆုံး၊ အတောက်ပဆုံး၊ အထင်ပေါ်ဆုံး ဆိုသည့် အရာများဖြင့်သာ ၎င်းတို့ကိုယ်ပေါ်သို့ ပြင်ဆင် ခြယ်သ ထားသည်။မိတ်ဆွေတစ်ချို့နှင့် ဝင်ပေါက်၌ တွေ့ဆုံမိကြကာ အပြန်အလှန် ပျော်ပျော်ပါးပါး စကားများပြော၍ ခန်းမတွင်းသို့ ဝင်လာကြပြီး သတ်မှတ်ထားသည့် နေရာသို့ ဝင်ထိုင်ကြသည်။
မင်္ဂလာပွဲဟု လူအများ ပြောဆိုနေကြ၍သာ မင်္ဂလာပွဲဟု သိရခြင်း ဖြစ်ပြီး ၊ထူးဆန်းစွာဖြင့် မင်္ဂလာစုံတွဲ ပုံအား မည်သည့်နေရာ၊မည်သည့် ထောင့်၌မှ ထောင်ထားခြင်း၊ချိတ်ထားခြင်းမျိုး တို့ကို မမြင်မိပေ။ခန်းမတစ်ခုလုံးသည် ပန်းများဖြင်သာ ပြည့်နေသည်။ မင်္ဂလာစင်မြင့်ကိုလည်း လိုက်ကာစ အဖြူရောင်ဖြင့် ပိတ်ကာထားသည်။ယင်းကြောင့် လိုက်ကာစနောက်တွင် မည်သည့် အရာ ရှိနေမည်ကို မည်သူမှ မခန့်မှန်းနိုင် ဖြစ်နေကြသည်။ နေရာအသီးသီး၌ ထိုင်နေကြသည့် ဧည့်သည်တော်များသည် မင်္ဂလာစင်မြင့်အား စိတ်ဝင်စားနေကြပြီး အထူးဆန်းဖွယ် မကြာခန လှည့်, လှည့် ကြည့်နေကြသည်။ဆင်တူ ဝတ်စုံများ ဝတ်ဆင်ထားသည့် ဝန်ထမ်း ကောင်လေး၊ ကောင်မလေးများ မှာလည်း ခြေထောက်ချင်း လိမ်မတတ် အလုပ်ရှုတ်နေကြသည်။စားဖိုဆောင်မှ စားဖိုမှူးများသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ အငွေ့ တထောင်းထောင်းထနေသည့် အိုးများကြား၌ ဂျင်ဂျင် လည်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ပင် မကြည့်အား အိုးများ၌သာ မျက်နှာအပ်ထားကြရလေသည်။ယင်းသို့ ဂျင်ဂျင်လည်နေသည့် စားဖိုမှူးများအား ဦးဆောင်နေသူမှာ တစ်ခြားသူမဟုတ် တောင်တန်းပြာ စားတော်ဆက်မှ စားဖိုမှူးကြီး ဖြစ်လေသည်။အဘယ်လိုပုဂ္ဂိုလ်၏ မင်္ဂလာပွဲ ဖြစ်၍ တောင်းတန်းပြာ စားတော်ဆက်မှ စားဖိုမှူးကြီးလိုလူပင် ကိုယ်တိုင် လာရောက်၍ ဦးစီး ဦးဆောင်မှု့ ပြုနေရသနည်း။ မေးခွန်းထုတ်စရာ ဖြစ်သလို စဉ်းစား စရာ တစ်ခုလည်း ဖြစ်နေသည်။