...
...
...
(unicode )
လပြည့်ည တစ်ည၏ အရောင်က တစ်လောကလုံးကို အဝါရောင် သန်းနေလေစေသည်။ဝိုင်းစက်နေသည့် လမင်းကြီးက အပင်မြင့်မြင့် တစ်ပင်၏ ထိပ်ဖျား၌ ခန့်ခန့်ညားညားကြီး တောက်ပနေလေသည်။မျက်စိတစ်ဆုံး မြင်ရသမျှ အရာအားလုံးက လရောင်အားကိုးဖြင့် မြေပြင်ထက် အရိပ်ကျကာ ရှည်မျောနေကြသည်။လေတိုက်လိုက်တိုင်း ယိမ်းနွဲ့သွားတတ်သည့် အပင်ဖျားလေးတွေကလည်း လပြည့်ည၏ သူယောင်မယ်များ ပမာ။လာပါ ခူးလှည့်ပါ ကြည့်လှည့်ပါ အနားကပ်လှည့်ပါ ဟု ခေါ်နေသယောင် ဆွဲငင်အားမှာ ကောင်းလှသည်။ပန်းပွင့်များမှာလည်း လရောင်ဆမ်းမှ ပွင့်လန်းမည့် ကုမုဒြာလို အရောင်ရော အဆင်းပါ လရောင်အောက်၌ ရောင်ပြန်လက်နေကြသည်။တလက်လက်တောက်ပကာ အစွမ်းကုန်လှပ ဖူးပွင့်နေကြသည်။ဝိုင်းစက်စက် လပြည့်ဝန်းကြီးကို ဒူးလေးပိုက်၍ မော့ကြည့်နေသည့် လူငယ်လေး တစ်ယောက်၏ မျက်နှာသည် မြင်သူတိုင်း ဆွေးမြေ့စရာ ကောင်းလောက်အောင် သနားစရာ ဖြစ်နေသည်။
အမိန့်ပေး၍ မရသည့်အထဲ၌ ခံစားချက်မှ လာသည့် မျက်ရည်များလည်း ပါ၏။မကျဖို့ရန် သူပြောနေပေမဲ့ ဆက်တိုက်ဆိုသလို မျက်ရည်များက ကျဆင်းနေသည်။ သူမသုတ်ပစ်။သူအမိန့်ပေး၍ မရသည့် သည်မျက်ရည်များကို သူမသုတ်ပစ်။မျက်ရည်များက ထောင်ထားသည့် ဒူးနှစ်လုံးပေါ်ကို အဆက်မပြတ် ကျဆင်းနေသည်။ဒူးပေါ် မေးတင်လိုက်သည်။ဘယ်လက်က ဒူးကို ပိုက်ထားပြီး ညာလက်က ဝါးကြမ်းခင်းပြင် အခင်းကို အသာအယာ ထိကိုင်ကြည့်နေမိသည်။အဖေနောက်ဆုံး မှေးစက်သွားသည့် ဝါးကြမ်းခင်းပြင်လေး။သည်အရာက သူ့ရင်ကို နင့်သည်းနေအောင်ကို ထိခိုက်စေသည်။ခံစားချက်များက သူ့လက်ချောင်းများပေါ်ကို စီးဆင်းသွားကြသည်။သူ့လက်ချောင်းများ တုန်ယင် သထက် တုန်ယင်လာရသည်။'အဖေ' လို့ပင် သူက တိုးတိုးပင် မခေါ်နိုင်။ဝါးလုံးတိုင်အောက်ကို သူငုံ့ကြည့်လိုက်သည်။အဖေဝှက်ထားသည့် အရက်ပုလင်းလေး တစ်လုံး။အဖေ၌ ပိုင်ဆိုင်မှု့ဟူ၍ အရက်ပုလင်း နှစ်ပုလင်းသာ ရှိသည်။တစ်ပုလင်းက နေ့ဖို့ဖြစ်ပြီး၊နောက်တစ်ပုလင်းက ညဖို့ ဖြစ်သည်။ သူ့အမှတ်အသားနှင့်သူ တိတိကျကျ။ပုလင်းချင်းလည်း တစ်ခါမှ မမှား။တိုင်ခြေ၌ ထောင်ထားသည့် အရက်ပုလင်းကို သူ လှမ်းယူလိုက်သည်။