နောက်ဆုံးတော့ မလွန်ဆန်နိုင်သဖြင့် ကျော်လေးခေါ်ရာလိုက်ပါလာခဲ့သည်။ကျော်လေးက ကားအရှေ့ခန်းတွင် သတိုးမာန်ပြည့်ရှိန်နှင့်အတူတူ ထိုင်နေပြီး အနောက်ခန်းတွင် သူတစ်ယောက်တည်းလိုက်ပါလာသည်။ကားနောက်ကြည့်မှန်ကို လှမ်းကြည့်နေသော သတိုးမာန်ပြည့်ရှိန်မျက်နှာတွင် ဒေါသများပြည့်နှက်နေသည်။အကြည့်စူးစူးက အရင်တွေ့နေကျလို မဟုတ်ဘဲ လူသတ်တော့မည့်အလား။ကြည့်ရတာ သူကျော်လေးကို မိုးရေထဲမှာ ရပ်ခိုင်းထားလို့ ဒေါသထွက်နေတာဖြစ်ရမည်။
ကားထဲတွင် တိတ်ဆိတ်လှသည်။အရင်ကဆို ဘာနေရာသွားသွား သီချင်းတစ်ပုဒ်ပုဒ်တော့ ဖွင့်နေကြဖြစ်သည်။အခု အခြေအနေက ဘယ်လိုဖြစ်နေမှန်း သူကိုယ်တိုင်အသေအချာမသိ။ကျော်လေးကလည်း ကျောက်ရုပ်ပမာ ငြိမ်သက်စွာထိုင်နေပြီး စကားတစ်ခွန်းမှကိုမပြောပေ။ကမ်းနားလမ်းကမ်းစပ်တစ်နေရာရှိ ကျောက်ဆောင်ကို ရောက်တော့"ကိုကိုကားထဲမှာပဲနေခဲ့နော်။သား..အတ္တနဲ့နှစ်ယောက်တည်းထိုင်ချင်လို့"
"..."
သတိုးမာန်ပြည့်ရှိန်က ကျော်လေးစကားဆို တော်တော်နားထောင်သည်။ထိုင်နေဆိုတာနဲ့ ထိုင်နေတော့သည်။ကျော်လေးက ကားပေါ်မှဆင်းတော့ သူလည်းလိုက်ဆင်းမိသည်။ကျော်လေး သူကိုဒီနေရာ ခေါ်လာတာ အကြောင်းမဲ့တော့မဟုတ်။ကျော်လေးက ကမ်းစပ်ရှိ ကျောက်ဆောင်ပေါ်တွင် ထိုင်လိုက်သည်။ကျော်လေးအကြည့်တွေက ပင်လယ်ဆီကိုသာ။ပင်လယ်ကြီးကိုငေးကြည့်ပြီး ဘာတွေတွေးနေလဲ သိချင်မိသည်။
ဒီနေရာရောက်သည်အထိ ကျော်လေး ဘာမှ မပြောတာ အံ့ဩစရာပင်။ပုံမှန်ဆို တစ်လမ်းလုံး သာလိကာအရှုံးပေးလောက်အောင် စကားများသူဖြစ်သည်။ကျော်လေးနှင့်မနီးမဝေးကျောက်ဆောင်မှာ ထိုင်လိုက်ပြီး ပင်လယ်ကြီးကိုငေးနေသော ကောင်လေး၏ မျက်နှာကို တစိမ့်စိမ့် အကဲခတ်ကြည့်ရှုနေမိသည်။နှစ်ယောက်လုံးက မိုးရေထဲ ထီးတစ်လက်မှမပါဘဲ ဒီတိုင်းသာ ထိုင်နေကြသည်။
အဆုံးမရှိသောပင်လယ်၊တဖွဲဖွဲရွာကျနေသော မိုးရေစက်ကလေးများ၊ကျောက်ဆောင်တွင်ထိုင်နေသော ချစ်စရာကောင်လေး၊အရာအာလုံးက ထိုကောင်လေးရှိမှ ပိုပြည့်စုံလာသည်။ပင်လယ်ကြီးသဘာဝအတိုင်းရှိနေတာက အဆန်းမဟုတ်။ကျော်လေးပါမှ ပင်လယ်ကြီးရဲ့ အလှဟာ ပိုမိုထူးကဲလာသယောင်။မိုးရေစက်လေးတွေကို သူသဘောကျပေမဲ့ ကျော်လေးနဲ့မိုးစက်ကလေးတွေကို တွဲမြင်ရရင် အမြင်ထဲ တစ်မျိုးကောင်းနေသည်။
ဘာလို့ဒီလောက်တောင် လိုက်ဖက်လွန်းရတာလဲ။ပြည့်စုံလွန်းလှသော ပန်းချီကားတစ်ချပ်ပင်။ကိုယ်စီမျောလွင့်နေသော အတွေးတွေကို စည်းချက်လိုက်ညှိပေးနေသော မိုးခြိမ်းသံသဲ့သဲ့ကိုလည်း တစ်ချက်ချက် ကြားနေရသည်။ကျောက်ဆောင်ကို လာရိုက်ခတ်သော လှိုင်းလေးတွေက သူတို့နှစ်ယောက်ရဲ့ အတွေးတွေကို အမြင့်ဆုံးထိဆွဲခေါ်သွားခဲ့သည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...