မောင်နဲ့ အဆက်အသွယ်မရတော့တာ 2ပတ်ကျော်နေခဲ့ပြီ။မောင်ဘာတွေလုပ်လို့ ဘာတွေဖြစ်နေပြီလဲ။မောင်ကော့သောင်းပြန်ရောက်သည့် နေ့ကတည်းက အဆက်အသွယ်မရတော့တာ ဖြစ်သည်။မောင့်ဆီက ကော့သောင်းရောက်ပြီးဟူသည့် မက်ဆေ့ခ်ျမှတစ်ပါး အခြားမည်သည့်စာမှ မလာခဲ့ပါ။မောင်ဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ပါ။မောင်ဖုန်းမကိုင်သဖြင့် မသဲကိုဆက်တော့လည်း မသဲလည်းဖုန်းမကိုင်ပါ။
လိုင်းပေါ်က သတင်းတစ်ပုဒ် တွေ့မိသည်။သစ်သူဌေးကြီးဦးသိန်းမောင်တို့ မိသားစုဆုံးပြီဟုသော သတင်း။သူပုန်များ၏ လုပ်ကြံမှုဟု ရေးသားထားသည်။ရင်ထဲ ထိတ်ခနဲ။မောင်ကဆုံးသွားပြီလား။မယုံနိုင်ပါ။ကောလဟာလသတင်းသာ ဖြစ်ရမည်။မောင်က အခုလို လွယ်လွယ်အသေခံမည့် လူစားမျိုးမဟုတ်။အထူးသဖြင့် ကောင်းကင်နဲ့ မတွေ့ရဘဲ အသေခံမည့်သူမဟုတ်ခဲ့ပါ။
မောင့်ကိုတွေ့ပြီး အတည်ပြုချင်သဖြင့် မောင်နေသော ကော့သောင်းကို လာရန်ဆုံးဖြတ်ခဲ့သည်။မိဘများမရှိတော့သည့်နောက် ဦးလေးနှင့်အတူနေရသဖြင့် ဦးလေးက သူ့ဆုံးဖြတ်ချက်မှန်သမျှကို မငြင်းဘဲ လုပ်ခွင့်ပေးသည်။ထိုကြောင့် ကော့သောင်းသွားမည့် ကိစ္စကိုလည်း ဦးလေးကမငြင်းခဲ့ပေ။မောင်နေသော ဘန်းကချွန်ရွာကို မနက်ဖြန်သွားဖို့ စီစဉ်နေသည်။
ကြိုးစားအိပ်သော်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ပါ။မောင့်မျက်နှာကို မြင်ရမှ ရင်အေးနိုင်တော့မည့်အဖြစ်ပင်။လမ်းခရီးတစ်လျှောက်လုံး ကောင်းကင်ကြီးကိုငေးပြီး မောင့်အကြောင်း တွေးဖြစ်သည်။အကယ်၍ မောင်သာ သေသွားသည်မှန်ခဲ့လျှင် သူအဘယ်သို့လုပ်ရမည်နည်း။အရူးတစ်ပိုင်း ဖြစ်သွားမည်မှာ သေချာသည်။မဟုတ်သည့် အတွေးတွေ နယ်ချဲ့ကာ အခုဆို ဘန်းကချွန်ရွာကို ရောက်သွားခဲ့ပြီဖြစ်သည်။
ရွာလမ်းလေးအတိုင်း မောင့်အိမ်ကိုသွားခဲ့သည်။နွေရာသီ ရောက်နေပြီဖြစ်သော်လည်း လမ်းတစ်လျှောက် သစ်ပင်ကြီးတို့ကြောင့် အေးမြနေရသည်။မောင့်ခြံရှေ့ရောက်သောအခါ မီးလောင်ပြာကျနေသော အိမ်ကြီးကို တွေ့လိုက်ရသည်။သူနှင့်အတူ ခြံရှေ့တွင်ရပ်ပြီး အိမ်ကြီးကို ငေးကြည့်နေသော လူတစ်ယောက်ရှိသည်။အနက်ရောင်ဂျာကင်ကို ဝတ်ထားပြီး လည်ပင်းတွင် ကြယ်ပုံတက်တူးတွေ။အရပ်က မနိမ့်မမြင့်၊အသားညိုညို၊နှုတ်ခမ်းမွှေး သဲ့သဲ့နှင့်။ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်မျိုး။
သို့သော် ထိုလူပုံစံက လူဆိုးတစ်ယောက်ဖြစ်ဟန် ရှိသည်။ထိုလူကို သူမြင်တော့ ထိုလူက သူ့ကိုပြုံးပြသည်။သူလည်း ဘုမသိဘမသိနှင့် ပြန်ပြုံးပြလိုက်သည်။နောက်တစ်နေ့တွင်လည်း ထိုလူကိုထပ်တွေ့ရပြန်သည်။ထိုလူက သူ့ကိုတွေ့တိုင်း ပြုံးပြစမြဲ။သုံးရက်မြောက်နေ့ ထိုလူက မောင့်ခြံရှေ့ကနေ အိမ်ကြီးကို လာကြည့်နေပြန်သည်။ထိုအခါမှာတော့ ထိုလူက စပြီးသူ့ကို စကားပြောလာသည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...