တစ်နှစ်ပြီး တစ်နှစ်ကုန်လို့ တစ်ရာသီပြီး တစ်ရာသီ။အချိန်တွေကုန်တာ မြန်လှသည်။ပိတောက်ရနံ့ဝေပြီး လေရူးတိုက်တဲ့ နွေရာသီလည်း ကုန်လွန်ခဲ့ပြီ။မီးခိုးရောင်တိမ်တိုက်တွေကြီးစိုးပြီး တတောက်တောက် ကြားနေရတဲ့ မိုးစက်သံတွေလည်း စဲသွားခဲ့ပြီ။ဆောင်းလေအေးတိုက်ပြီး ကြယ်တွေစုံနေတဲ့ ဆောင်းရာသီညတစ်ညကို ရောက်ချင်းမလှ ပြန်ရောက်ရှိလာပြန်သည်။
အချိန်ကာလအားဖြင့် 10နှစ်တောင်ကြာသွားပြီဖြစ်သော်လည်း ကျန်ရစ်သည့်အတ္တကတော့ မလွမ်းသည့် နေ့ဟူ၍ မရှိခဲ့ပါ။သူ့ကို စိတ်ချလက်ချနှင့် ထားခဲ့သည့် ကျော်လေးကို ငိုယိုတောင်းပန်ပြီး ပြန်ခေါ်သော်လည်း ပြန်မလာနိုင်တော့သည့် ခရီးကို ကျော်လေးက ထွက်သွားခဲ့၏။
အိမ်အနောက်ဘက် ခြံထဲတွင် အုတ်ဂူအသေးလေးတစ်လုံးနှင့်အတူ ကျော်လေးကို မြှုပ်နှံထားခဲ့တာ အခုဆို 10နှစ်တောင်ရှိသွားလေပြီ။ထိုနေ့ညသည် ကောင်းကင်တွင် ကြယ်စုံနေသည်။လွန်ခဲ့သည့် 10နှစ်က ညတစ်ညလိုမျိုး။အုတ်ဂူလေးဘေးတွင် အရက်ပုလင်းလေးတစ်လုံးချပြီး အတ္တ လာထိုင်ဖြစ်သည်။အုတ်ဂူလေးကို လက်ဖြင့် ပွတ်သပ်ရင်း"အသဲအိပ်ပျော်နေတာ10နှစ်တောင်ရှိသွားခဲ့ပြီနော်"
ပုလင်းလေးကို မြက်ခင်းပေါ်တွင် ချလိုက်ပြီး အတ္တ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။မှိတ်တုတ်မှိတ်တုတ် ကြယ်တွေက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေတတ်တဲ့ကျော်လေးလိုပဲ။တစ်သတ်မတ်တည်း လင်းနေသော ဂြိုဟ်တွေကလည်း သူ့ကို မျက်တောင်မခတ်စိုက်ကြည့်နေတတ်သော ကျော်လေးနှင့် တူပြန်သည်။တစ်နည်းအားဖြင့် သူကြည့်နေသော ကောင်းကင်ကြီးသည် သူ့အား ကျော်လေးကြည့်နေသည်ဟု ထင်မှတ်စေသည်။
ကောင်းကင်ကြီးကို ကြည့်ပြီး ကြယ်တွေ ရေတွက်ဖြစ်သည်။အရင်လိုပါပဲ။အတိတ်ကအတိုင်းပဲ။ပြောင်းလဲသွားတာကတော့ ဘေးကနေကြယ်တွေ လိုက်ကူရေပေးမယ့် ကျော်လေးမရှိတော့တာ ဖြစ်သည်။"5..6..7..တွေ့ပြီ"
အုတ်ဂူလေးကို တစ်ချက်ကြည့်လိုက်ပြီး
"အသဲအမြဲလိုက်ရှာတတ်တဲ့ဓူဝံကြယ်ကိုတွေ့ပြီ"
မြက်ခင်းပေါ်က အရက်ပုလင်းလေးကို ကိုင်ပြီး တစ်ငုံမော့လိုက်သည်။ခါးသီးပြင်းရှသော အရက်အရသာက ရင်ဘတ်ထဲက အလွမ်းပိုးတွေကို သေစေနိုင်ရင် ကောင်းမည်။စက္ကန့်တိုင်း လွမ်းရလွန်းလို့ ရူးမတတ်ပင် ဖြစ်နေ၏။
ပါးပြင်ပေါ်သို့ မျက်ရည်ပူပူတွေက စီးကျလာသည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...