(Unicode)
ဝေးကွာသွားပြီဖြစ်သောသုံးဘီး(အိုးဝေ)အား အရိပ်ပင်
မမြင်ရတော့သည်အထိ ငေးမောကြည့်ပြီးသည့်နောက် အသက်လေးဆယ်ကျော်အရွယ်အန်တီကြီးသည်
သူမအားမော့ကြည့်နေသော ကလေးအားငုံ့ကြည့်ကာ
ခပ်ဖွဖွပြုံးမိချေသည်။ကလေးငယ်သည် သူမလက်အား
သူ့လက်သေးသေးလေးနှင့်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်
ထားသည်မှာ နောက်ဆုံးလက်ကျန်အားကိုးရှာသည့်နှယ်။ကလေးငယ်၏အသားအရေသည် ညိုကာစိုပြေခြင်းမရှိဘဲ ခြောက်ကပ်နေသည့်အပြင် နေလောင်ကွက်များသည် ဟိုတစ်ကွက်သည်တစ်ကွက်။တစ်ချက်ကြည့်ယုံနှင့်
အုံထူမှန်းသိသာသောဆံနွယ်များသည် ကြမ်းတမ်းကာ
ကုတ်အထက်တွင်ဝဲလျက်ရှိ၏။အဝတ်အစားသည်
နွမ်းလျနေပြီဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်၏။
တစ်ကိုယ်လုံးအားခြုံငုံကြည့်ပါက ချစ်ခင်စဖွယ်ကောင်းသည့်
အချက်များမရှိသော်လည်း ကြည်လင်တောက်ပသည့်
မျက်ဝန်းနက်တစ်စုံသည် လူအများနှစ်သက်သည့်
ညှို့နိုင်စွမ်းအားကြီးသော'ကြာ'ပါသောမျက်ဝန်းမျိုး
ဖြစ်သည်။ယခုအချိန်ထိုကြာမျက်ဝန်းတစ်စုံသည် အားငယ်ထိတ်လန့်ခြင်းများခိုအောင်းလျက်ရှိကာ သနားချင်စဖွယ်ဖြစ်နေပေသည်။''ကြောက်နေတာလား ကလေး''
ကြင်နာခြင်းများရောယှက်နေသည့် အန်တီကြီးအမေးအား
ကလေးငယ်သည်ခေါင်းခါယမ်းပြပြီးမှ
တစ်ဖန်ခေါင်းညိတ်ပြပြန်၏။''ကဲ ဒါဆိုကြီးကြီးတို့ ဒီအိမ်ကြီးထဲခြေချစို့လား"
မျက်စိရှေ့မှ သံတံခါးကြီးအားကြည့်ကာသူမဆိုလိုက်တော့
ကလေးငယ်သည် သံတံခါးကြားမှမြင်နေရသောခမ်းနား
တင့်တယ်ကာ သစ်လွင်တောက်ပသည့်အဖြူရောင်
သုံးထပ်တိုက်အိမ်ကြီးအားကြည့်ကာတွေဝေငေးမောသွား၏။သံတံခါးကြီး၏ဘေးဘက်အုတ်နံရံတွင် ''မြင့်မိုရ်စံအိမ်''
ဆိုသည့်ရွှေရောင်ဘောင်ခတ်ထားသောစကားလုံးအား
ထင်းထင်းလင်းလင်းတွေ့ရချေသည်။သို့သော် ကလေးငယ်
သည် စာမတတ်သေးသဖြင့်ထိုစကားလုံးအားမဖတ်တတ်ပေ။''ဘာမှမကြောက်နဲ့နော် ဒီအိမ်အကြီးကြီးက
ဘိုးဘိုးကြီးကစိတ်ကောင်းရှိတယ်သိလား"