Part (9)

2K 107 17
                                    

(Unicode)

နွေနှောင်းဒူးခေါင်းမှ အသားစများပွန်းသွားသော
ဒဏ်ရာသည်တစ်ပတ်အတွင်းပျောက်ကင်းသွား၏။
ညိုစိုစိုအသားအရေထက်မှ အနည်းငယ်ပိုညိုသော
အနာရွတ်သည်မဟာမြင့်မိုရ်ဝယ်ပေးသော အနာရွတ်
ပျောက်ဆေးများကြောင့် အနာရွတ်ပျောက်ကာ
မူလအသားအရေအတိုင်းကျန်ရှိလေသည်။

ထိုအဖြစ်အပျက်နောက်ပိုင်း မဟာမြင့်မိုရ်သည်
သူ မရှိသည့်အချိန်တွင်နွေနှောင်းအားစက်ဘီးနားကပ်
ခွင့်မပြု။မလှုပ်တလှုပ်လေးဖြစ်သော နွေနှောင်းသည်လည်း
မဟာစကားတစ်ခွန်းဆိုတစ်ခွန်းအလိုက် အချိန်တိုင်းပင်
နာခံတတ်သည်။

ကြီးကြီးမြသည် နွေနှောင်းဆံသားများအား
အလယ်မှဘေးသို့နှစ်ဖက်ခွဲကာ တစ်ဖက်စီဆံကျစ်ကျစ်ပေး
လိုက်၏။ထို့နောက် မှန်တင်ခုံနံဘေးမှရေခွက်အတွင်းရှိ
နှင်းဆီဖြူလေးအားယူကာ နွေနှောင်းညာဘက်နားရွက်
အထက်တွင်ပန်ဆင်ပေးလေသည်။ထိုပန်းသည်
လက်ဝှေ့သင်တန်းမသွားခင် နွေနှောင်းအတွက်မဟာခူးဆွတ်
ပေးခဲ့သောပန်းလေးဖြစ်သည်။ပါးပြင်မှသနပ်ခါး၏
အရောင်ဟပ်မှုကြောင့်နွေနှောင်းမျက်နှာလေးသည်
ရွှေဝါရောင်သန်းလျက်ရှိပေသည်။

''နွေနှောင်းလေးက အရမ်းလှတာပဲ"

နွေနှောင်းသည် ကြီးကြီးမြအားပြုံးပြလိုက်၏။
ပြုံးလိုက်သည့်အခါပါးနှစ်ဖက်သည် အထက်သို့
ပင့်တက်သွားလေရာ ကြီးကြီးမြသည်နွေနှောင်းအား
အသည်းယားသွားကာပါးနှစ်ဖက်အား အသာအယာ
ဖျစ်ညှစ်လေသည်။

''မဟာလေးက နွေနှောင်းအပေါ်ဆိုးလား"

သခင်ငယ်လေးသည် နွေနှောင်းအပေါ်ကောင်းပေးမှန်း
ကြီးကြီးမြသိပါသည်။သို့သော် တစ်ခါတလေကျ
သခင်ငယ်လေးသည်နွေနှောင်းအားပိုင်စိုးပိုင်နင်းဖြင့်
အနိုင်ယူလေ့ရှိသည်အားလည်း ကြီးကြီးမြသိထားပါသေး
သည်။မိသားစုတစ်စုမှအငယ်ဆုံးတွေသည် ဆိုးသည့်
ဉာဥ်လေးများရှိတတ်သည်မဟုတ်ပါလားလေ။

''မဟာက မဆိုးပါဘူး၊နှောင်းအပေါ် ကောင်းပါတယ်"

ကြီးကြီးမြသည် ကြည်နူးစွာဖြင့်ပြုံးမိ၏။
တစ်ဖက်လူသည် သူမအလုပ်အကျွေးပြုနေရသော
စံအိမ်၏သခင်ငယ်လေးဖြစ်ကာ ကျန်တစ်ယောက်သည်
သူမမွေးစားထားသောကလေးဖြစ်၍ နှစ်ယောက်သား
သင့်မြတ်နေခြင်းသည် သူမအားစိတ်သက်သာရာရစေ၏။

Mahar's ButterflyWhere stories live. Discover now