(Unicode)
ယနေ့ မေလ (15)ရက်နေ့သည် မြင့်မိုရ်စံအိမ်၏
သခင်ငယ်လေးမဟာမြင့်မိုရ်၏ငါးနှစ်ပြည့်မွေးနေ့ပင်
ဖြစ်လေသည်။ထို့အပြင် ယခုနှစ်သည်မွေးရက်နှင့်
နေ့နာမ်ကိုက်သောနှစ်လည်းဖြစ်လေရာ ကြာသပတေးသား
သည်ကြာသပတေးနေ့တွင်ငါးနှစ်ပြည့်၏။
တိုက်ဆိုင်စွာပင် လပြည့်နေ့လည်းဖြစ်နေပြန်သေး၏။ထို့ကြောင့် မြင့်မိုရ်စံအိမ်ရှိမိသားစုဝင်များသည်
မနက်စောစောပင် မန္တလေးမြို့၏အထင်ကရဖြစ်သော
ဘုရားကြီး(မဟာမြတ်မုနိမြတ်စွာဘုရား)သို့ ကောင်းမှုကု
သိုလ်ပြုရန်နှင့်ထိုမှအပြန် မြို့တွင်းတွင်ရှိရှိသမျှမိဘမဲ့
ဂေဟာများသို့ လိုအပ်သည့်အရာမှန်သမျှလှူဒါန်းကြမည်
ဖြစ်လေသည်။ထို့နောက်ညအချိန်တွင် စံအိမ်၌အသိအချို့နှင့်
မွေးနေ့ပါတီကျင်းပကြမည်ဖြစ်၏။''ဟဲ့ ဟိုကလေးကားပေါ်မတက်ဘဲဘယ်သွားမလို့လဲ"
အလုပ်သမားတန်းလျားဘက်သို့ ဝတ်ထားသည့်
ခါးရှုံ့ပုဆိုးအား'မ'ကာပြေးသွားသည့် မဟာ့အား
အဘွားဖြစ်သူဒေါ်တင်နွဲ့ချိုသည် အော်မေးလိုက်၏။
သို့သော် မြေးငယ်လေးသည်သူမအားတစ်ချက်မျှပင်
စောင်းငဲ့မကြည့်ခဲ့ပေ။''တယ် ဒီကလေးကတော့"
''သူ့အချစ်ကလေးကိုသွားခေါ်တာနေမယ် ဖွားဖွား"
အဘွားဖြစ်သူလက်အားဆွဲကိုင်ရင်း နဒီမြင့်မိုရ်သည်
စကားဆိုလာလေ၏။သူမပြောသည့်အတိုင်း ခဏအကြာတွင်
မဟာသည်နွေနှောင်းလက်အားဆွဲကိုင်ရင်း
ကားများရပ်ထားရာအနီးသို့ လျှောက်လာလေသည်။တစ်နှစ်ပိုကြီးလာပြီဖြစ်သော နွေနှောင်းသည်လည်း
ခုနစ်နှစ်ထဲဝင်နေပြီဖြစ်၏။စံအိမ်ရောက်ခါစက
ကုတ်ဝဲဆံသားများသည်အရှည်မြန်ကာ ကုတ်ကျော်ကာ
ကျောပြင်အထက်ရောက်နေပေပြီ။ရင်ဖုံးအင်္ကျီအညိုနှင့်
ပါတိတ်စအညိုသည် လူကြီးဆန်ဟန်ပေါက်သော်လည်း
နွေနှောင်းနှင့်လိုက်ဖက်လွန်းလှ၏။ထိုမြန်မာဝတ်စုံသည်
နွေနှောင်းအတွက် မဟာဝယ်ဆင်ပေးထားခြင်းဖြစ်သည်။
ထို့အပြင် ရေမြေလိုက်ကာအစားကောင်းလည်းစားရ၍
နွေနှောင်းအသားအရေသည်ညိုသော်လည်း စိုရွှန်းကာ
ဝင်းဝါလျက်ရှိသည်။ပါးထက်မှသနပ်ခါးပါးကွက်ကြားနှင့်
နားအထက်ရှိနှင်းဆီဖြူသည် နွေနှောင်းအား
အမြဲတစေကြည်လင်အေးချမ်းသည့်အလှအား ပေးစွမ်းလေသည်။