''ဖြည်းဖြည်းလျှောက်ပါ နှောင်းရဲ့၊မတော်လို့
လှဲကျသွားလျှင်ဖြင့် မောင်တွေးတောင်မတွေးရဲဘူး"အမှန်တကယ်စိုးရိမ်ပူပန်နေပုံရသောမဟာကြောင့်
နွေနှောင်းသည်သဘောကျစွာပင် သဘောတကျ
ပြုံးရယ်မိသည်။''နှောင်းကိုမောင်တွဲထားတာပဲ မဟုတ်ဘူးလား"
''ဒါတော့ဒါပေါ့ နှောင်းရယ်''
ရာသီအကူးအပြောင်းတွင် မန္တလေးမြို့၌မိုးသည်းထန်စွာ
ရွှာသွန်း၏။မိုးတိတ်သွားပြီမှာကြာပြီဖြစ်သော်လည်း
စံအိမ်အတွင်းရှိကျောက်ပြားများဖြင့်ခင်းထားသော
လူသွားလမ်းကလေးသည် မိုးရေများဖြင့်
စိုရွှဲပြောင်လက်နေတုန်းသာ။နွေနှောင်းဗိုက်သည် ငါးလအတွင်းဝင်နေပြီဖြစ်၍
စူစူကလေးဖြစ်နေလေသည်။သို့သော် ငါးလဗိုက်ဟုမထင်စရာ သိသိသာသာစူဖောင်းနေ၍
အမြွှာဟုလည်းခန့်မှန်းထားကြ၏။အချိန်ကျရောက်လျှင်
မွေးဖွားလာမည့်ကလေးအားမည်သည့်လိင်ဖြစ်စေကာမူ စိတ်လှုပ်ရှားစွာ ကြိုဆိုကမ်းလင့်ကြမည့်မိသားစုဝင်များ
ကြောင့် အာထရာဆောင်းတော့မရိုက်ဖြစ်ကြချေ။ဗိုက်ဖောင်းအင်္ကျီအပြာနုလေးဖြင့်လှနေသော
နွေနှောင်းအားကြည့်ကာ မဟာသည်စိတ်ကြည်နူးစွာပြုံး၏။
ကိုယ်ဝန်ကြောင့် နွေနှောင်းသည်အရင်ကထက်
ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာသော်လည်း
မူရင်းရုပ်ရည်မပျက်ပါဘဲ လှမြဲလှဆဲသာမို့မဟာသည်
ပိုင်ဆိုင်လျက်သားမှအကြိမ်ကြိမ်စိတ်မချဖြစ်ရလေသည်။ကိုယ်ဝန်စရှိလာကတည်းက အဆိုးလေးဖြစ်သွားသော
နွေနှောင်းသည်မိုးရွှာထား၍ချောနေသောလမ်းကြောင့်
တားနေသည့်ကြားမှပင် လမ်းလျှောက်ထွက်ချင်သည်ဟု
မရမကတောင်းဆိုလာသောအခါ မဟာသည်
မျက်စိစုံမှိတ်ကာ မမဗိုက်အလိုကိုလိုက်ရတော့သည်။''ဒီမှာခဏထိုင်ရအောင်လေ မောင်"
ဒန်းအဖြူလေးထံရောက်တော့ နွေနှောင်းစကားဆိုမိသည်။
မဟာသည် ဒန်းအဖြူလေးထက်ကြည့်တော့
ရေစက်လက်ကျန်များအားမတွေ့ရဘဲ စိုဖန့်ဖန့်သာဖြစ်နေ၍
နွေနှောင်းအားတွဲကာအရင်ထိုင်စေလိုက်၏။
ဒန်းအဖြူလေးထက် နွေနှောင်းအားသေချာနေရာချပြီးကာမှ
နွေနှောင်းနံဘေးတွင်မဟာကပ်ထိုင်လိုက်သည်။