(Unicode)
Recommend Song//
Butterflies( Max & Ali Gatie)
...........................''အရေးမပါတာတွေ"
မဟာမြင့်မိုရ်သည် ကုတက်ထက်ငြိမ်ငြိမ်ဆိတ်ဆိတ်
ထိုင်ကာအဓိပ္ပါယ်မရှိသောစကားများပြောထွက်သော နွေနှောင်းအားကြည့်ပြီးမခံချိမခံသာဟန်ဖြင့်
တောက်တစ်ချက်ပြင်းပြင်းခေါက်၏။''မောင် အခုနှောင်းကိုစိတ်ဆိုးနေတာလား"
''နှောင်းပြောပုံကိုလည်းကြည့်အုံးလေ"
''မောင်က နှောင်းမှမဟုတ်ဘဲ၊နှောင်းဘယ်လိုခံစားနေရသလဲဆိုတာ မောင်မသိဘူး''
ပြောဆိုရင်းပင် နွေနှောင်း၏ကြာမျက်ဝန်းတစ်စုံတွင်
မျက်ရည်ကြည်များရစ်သိုင်းလာလေတော့သည်။
စကားကြမ်းများပြောမိတော့မည့်မဟာသည် နွေနှောင်း၏
ငိုမဲ့မဲ့မျက်နှာပေးနှင့်မျက်ရည်ကြည်များအားမြင်တော့
လေပူများအားမှုတ်ထုတ်ရင်းစိတ်လျော့လိုက်ရသည်။အပြာရောင်အချစ်ညအားဖြတ်သန်းပြီးတဲ့နောက်
မဟာနှင့်နွေနှောင်း၏မင်္ဂလာကိစ္စအားစီစဥ်ရန်
မြင့်မိုရ်စံအိမ်တွင်အလုပ်ရှုပ်နေကြ၏။ပြင်ဦးလွင်မှ
ဆွေမျိုးတွေကိုပါလှမ်းအသိပေးပြီးနောက် မန္တလေးသို့
နေ့မဆိုင်းညမဆိုင်းချက်ချင်းရောက်လာကြလေသည်။စံအိမ်တန်းလျားမှအလုပ်သမားဖြစ်လျက် စံအိမ်၏
မျိုးဆက်များနည်းတူနေထိုင်ရသည့်နွေနှောင်းအား
ကိုယ့်နေရာကိုယ်မသိတတ်သူဟူ၍ မဟာ့၏ဖခင်
ဦးလင်းမြတ်ကိုဘက်မှ ပြင်ဦးလွင်ရှိဆွေမျိုးတစ်ချို့သည် ကြည်ဖြူခြင်းမရှိကြ။ယခုလို မဟာသည်သူတို့မကြည်သော
သူနှင့်လက်ထပ်တော့မည်ဟူသောအကြောင်းသည်
မျိုးရိုးဂုဏ်ထိခိုက်သည်ဟုဆိုကြ၏။သိသိသာသာမဟုတ်
သော်လည်းမသိမသာဖြင့်ကန့်ကွက်နေကြသည်ချည်းသာ။သို့သော် မြင့်မိုရ်စံအိမ်ရှိမိသားစုဝင်များအားလုံးသည်
သူတို့မျက်စိရှေ့တွင်ကြီးပြင်းလာသော နွေနှောင်းအား
စကားတစ်ခွန်းမျှပင်အထိအခိုက်မခံ။သူတို့၏
အရိပ်အောက်တွင် နွေနှောင်းအားမည်သူမျှ
အပြစ်မဆိုရလေအောင်စိတ်လုံခြုံမှုအပြည့်အစုံ
ပေးထားလေသည်။